CNI International News
ဘေဂျင်း၊ ဇူလိုင် ၁
အီရန်-အစ္စရေး ပဋိပက္ခတွင် အမေရိကန်၏ ပါဝင်ပတ်သက်မှု ပိုမိုမြင့်တက်လာသည်နှင့်အမျှ တရုတ်သည် ဒေသတွင်း အငြင်းပွားမှုများ၌ အမေရိကန်၏ ကြားဝင်စွက်ဖက်မှုဝါဒကို လေ့လာနေပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
အမေရိကန်က အီရန်ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှု အခြေအနေကို မခန့်မှန်းနိုင် ခြင်း သို့မဟုတ် သေချာရေရာမှု မရှိသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ချိန်တွင် အမေရိကန်သည် ကမ္ဘာ့ ဦးဆောင်သူကဏ္ဍမှ နောက်ဆုတ်သွားမည်ဆိုပါက တရုတ်အတွက် အကျိုးရှိစေလိမ့်မည်ဟု တရုတ်အရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။
သိသာထင်ရှားသော အချက်မှာ အမေရိကန်သည် အချိန်ကြာလွန်းသည့် စစ်ပွဲကို ဆင်နွှဲလိုခြင်း မရှိကြောင်း အီရန်ပဋိပက္ခက ဖော်ပြခဲ့သဖြင့် ထိုင်ဝမ်အရေး အပါအဝင် အခြားအရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရအဖွဲ့၏ ချဉ်းကပ်ပုံများကို တရုတ်ခေါင်းဆောင် ပိုင်းများက တစ်စွန်းတစ်စ သိရှိခဲ့ကြသည်။
အမေရိကန်-တရုတ်ကစားကွက်ကို စောင့်ကြည့်နေစဉ်
ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်က အီရန် နျူကလီးယား စက်ရုံများကို လေကြောင်း တိုက်ခိုက်မှုသည် အောင်မြင်မှုရရှိခဲ့ပြီး အီရန်၏ နျူကလီးယား စွမ်းဆောင်ရည်များကို အလုံးစုံ ဖျက်ဆီးနိုင်ခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth) က ပြောကြားခဲ့သည်။
ဇွန်လ ၁၃ ရက်က အစ္စရေးက အီရန်၏ စစ်ရေး ပစ်မှတ်များနှင့် နျူကလီးယား စက်ရုံများကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်၂ နိုင်ငံကြား အပြန်အလှန် လေကြောင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်က အီရန်ကို လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၂၄ ရက်တွင်မူ ထရမ့်က အစ္စရေးနှင့်အီရန်ကြား ၁၂ ရက်ကြာ တိုက်ခိုက်မှုများ အဆုံးသတ်ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်ကို တွေ့ရစဉ်
သံတမန် နည်းလမ်းများ အပါအဝင် စစ်ရေးနှင့်မနွယ်သည့် ချဉ်းကပ် ဆောင်ရွက်မှုများကို ဦးစားပေးသော တရုတ် ကမူ အီရန်-အစ္စရေး ပဋိပက္ခတွင် အမေရိကန်၏ စစ်ရေးအရ ကြားဝင်တိုက်ခိုက်ခဲ့မှုအား ဆန့်ကျင်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် တရုတ်သည် အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခ အရှိန်မြင့်တက် လာမည်ဆိုပါက ၎င်း၏ ပတ်လမ်း ရပ်ဝန်းစီမံကိန်း (BRI) နှင့် တရုတ်၏ စွမ်းအင်လုံခြုံရေးကဏ္ဍကို ထိခိုက်မည့် အရေးအား စိုးရိမ်နေသည်။
တရုတ်၏ ရေနံဝယ်ယူသည့် လမ်းကြောင်း စုစုပေါင်း အနက် ၅၀ ရာခိုင်နှုန်းနီးပါးသည် ဟော်မုဇ် ရေလက်ကြားမှ တဆင့် ဝင်ရောက်နေခြင်း ဖြစ်သဖြင့် အရှေ့အလယ်ပိုင်း ပဋိပက္ခသည် တရုတ်၏ စီးပွားရေး အတွက်လည်း ခြိမ်းခြောက်မှု တစ်ခုဖြစ်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: South China Morning Post