CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၆

ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့မည်ဆိုပါက တရုတ်၏ သွင်းကုန်များအပေါ် စည်းကြပ်ကောက်ခံသည့် အခွန်နှုန်းထားကို ၆၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွား မည်ဟု သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

"ကျနော်တို့ အဲဒီလို လုပ်ကိုလုပ်ရပါမယ်"ဟု ထရမ့်က ဖေဖော်ဝါရီ ၄ ရက်တွင် Fox News သတင်းဌာန၏ "Sunday Morning Futures" အစီအစဉ်တွင် ပြောကြားခဲ့သည်။

"ကျနော် ပြောချင်တဲ့သဘောက အိုင်အိုဝါ (Iowa) ပြည်နယ်မှာ ရီပတ်ဘလစ်ကန် ကိုယ်စားပြု ကိုယ်စားလှယ် လောင်းအဖြစ် ကျနော်အနိုင်ရရှိချိန်မှာ စတော့ဈေးကွက်ဟာ ပျက်လုနီးပါး ဖြစ်ပွားပါတယ်။ နယူးဟမ့်ရှိုင်းယား (New Hampshire) ပြည်နယ်မှာ အနိုင်ရတုန်းကလည်း စတော့ဈေးကွက်ဟာ ထိုးကျသွားပါတယ်" ဟု ထရမ့်က ဇန်နဝါရီလအတွင်း ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မှုများတွင် ၎င်းအနိုင်ရရှိခဲ့မှုကို ရည်ညွှန်း ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

ထရမ့်သည် ရွေးကောက်ခံရမည်ဆိုပါက တရုတ်သွင်းကုန်များအပေါ် အခွန် ၆၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန် စီစဉ်နေသည်ဆိုသည့်် သတင်းများနှင့်ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် "ကျနော်က အခွန်တိုးကောက်မယ်ပဲ ပြောခဲ့သေးတာပါ။ အဲဒီထက်တောင် ပိုချင် ပိုနိုင်ပါသေးတယ်" ဟု ဖြေကြားခဲ့သည်။ 

ထရမ့်သည် နိုဝင်ဘာ ၅ ရက်၌ ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတဂျိုးဘိုင်ဒန် (Joe Biden) နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရရန် ရေပန်းစားနေသူဖြစ်သည်။

ထရမ့်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များတွင်လည်း ဒေါ်လာ ဘီလျံချီတန်ကြေးရှိသည့် တရုတ်၏ သွင်းကုန်များအပေါ် အခွန်များ တိုးမြှင့်ကောက်ခံခဲ့သဖြင့် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးစစ်ပွဲကို ပိုမိုအရှိန်မြင့်တက်စေခဲ့သည်။

တရုတ် အဆောက်အအုံများကို တွေ့ရစဉ်

ဘိုင်ဒန်အစိုးရအဖွဲ့ကလည်း ထရမ့်၏ အခွန်တိုးမြှင့် ကောက်ခံမှုများကို ဆက်လက် ထိန်းသိမ်းထားပြီး လုံခြုံရေး အကြောင်းပြချက်များဖြင့် တရုတ်အတွက် နည်းပညာမြင့် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများနှင့် ပစ္စည်းကိရိယာ တင်ပို့မှုကို တားမြစ်သည့် ကန့်သတ်ချက်အသစ်များ ချမှတ်ခဲ့သည်။

အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနကမူ ထို အခွန်တိုးမြှင့်ကောက်ခံမှုများကို ပြန်လည် သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။

ထရမ့်သည် သမ္မတအဖြစ် ရွေးကောက်ခံရမည်ဆိုပါက တရုတ်နှင့် နောက်ထပ် ကုန်သွယ်ရေးစစ်ပွဲ စတင်ဖြစ်ပွား အောင် လုပ်ဆောင်မည်ဆိုသည့် ထင်ကြေးပေးမှုများကို ငြင်းဆိုခဲ့သည်။

Source: Nikkei Asia