CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၆

ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy)က စစ်ဘက်နှင့် အရပ်ဘက် ခေါင်းဆောင် အများအပြား ကို ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။

ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲတွင် ယူကရိန်း၏ စစ်ရေးအစီအစဉ်များကို မြှင့်တင်ရန်အတွက် စစ်ဘက်နှင့် အရပ်ဘက် ခေါင်းဆောင်များကို ပြောင်းလဲရန် လိုအပ်ကြောင်း ပြောကြားခဲ့သဖြင့် ဇာလန်းစကီးသည် ၎င်း၏ အစိုးရအဖွဲ့ကို ကြီးကြီးမားမား ပြောင်းလဲဖွယ်ရှိနေသည့် လက္ခဏာများကို မြင်တွေ့ရသည်။

ဖေဖော်ဝါရီ ၄ ရက်က ရုပ်သံမှ ထုတ်လွှင့််ခဲ့သည့် ဇာလန်းစကီး၏ မှတ်ချက်စကားများသည် စစ်ဘက်ထိပ်သီး တပ်မှူး ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇာလူဇနီ (Valeriy Zaluzhny) ကို ရာထူးနေရာ အစားထိုးပြောင်းလဲမှုထက် ပိုသည့် အစီအစဉ်များကို ညွှန်ပြရာရောက်ခဲ့သည်။ 

ယူကရိန်းတွင် စစ်ဘက် ခေါင်းဆောင်များနှင့် အရပ်ဘက် ခေါင်းဆောင်များအကြား တင်းမာမှုများ မြင့်တက်နေ သည်မှာ လနှင့်ချီကြာမြင့်ခဲ့ပြီ ဖြစ်သည်။

စစ်ဘက်ထိပ်သီး တပ်မှူး ဗိုလ်ချုပ်ကြီး ဇာလူဇနီကို တွေ့ရစဉ်

ပြီးခဲ့သည့် သီတင်းပတ်က ဇာလန်းစကီးသည် ဗိုလ်ချုပ်ကြီး ဇာလူဇနီကို ဆင့်ခေါ်ခဲ့ပြီး ရာထူးမှ အထုတ်ခံရမည်ဟု ပြောကြားခဲ့ကြောင်း အမည်မဖော်လိုသည့် ယူကရိန်းအရာရှိများက ပြောကြားခဲ့သည်။

ထို့နောက် ယူကရိန်းအစိုးရအဖွဲ့အတွင်း တင်းမာမှုများသည် ပေါက်ကွဲထွက်လာသည့် အခြေအနေသို့ ရောက်ရှိ လာခဲ့ပုံပေါ်သည်။

မည်သို့ပင်ဆိုစေ ဇာလူဇနီအား ရာထူးမှ ထုတ်ပယ်မည့်  ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားသဖြင့် အစိုးရထိပ်သီး ခေါင်းဆောင်များအကြား နေရာတည်မြဲရေးသည် မသေချာ၊ မရေရာသည့် အနေအထားသို့ ရောက်ရှိခဲ့သည်။ 

"အစိုးရအဖွဲ့သစ်ကို စတင်ဖွဲ့စည်းဖို့ လိုလာပါပြီ။ ကျနော့် အတွေးထဲမှာရှိတာက လူပုဂ္ဂိုလ် တစ်ဦးချင်းစီ အကြောင်း မဟုတ်ပါဘူး။ နိုင်ငံ့ထိပ်သီးခေါင်းဆောင်ပိုင်းရဲ့ ဦးတည်ချက်ကို အလေးအနက် တွေးတောနေတာ ဖြစ်ပါတယ်" ဟု ဇာလန်းစကီးက အီတလီ မီဒီယာတစ်ခုဖြစ်သည့် Rai News ကို ပြောကြားခဲ့သည်။

 အမေရိကန်ဆိုင်ရာ ယူကရိန်းသံအမတ် အော့ခ်ဆာနာ မာကာရိုဗာကို တွေ့ရစဉ်

ယူကရိန်းအတွက် အမေရိကန်၏ ကူညီထောက်ပံ့မှုများ ရပ်တန့်နေသဖြင့် ဇာလန်းစကီးသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့နှင့် ဆက်ဆံရေး အဆင်ပြေသည့် အမေရိကန်ဆိုင်ရာ ယူကရိန်းသံအမတ် အော့ခ်ဆာနာ မာကာရိုဗာ (Oksana Markarova) ကို အစိုးရအဖွဲ့အတွင်း ထိပ်သီးရာထူးတစ်ခု ပေးအပ်ဖွယ်ရှိနေ သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

လက်ရှိ အနေအထားအရ ယူကရိန်းတပ်ဖွဲ့များသည် ၂၀၂၂ ခုနှစ် နွေရာသီနောက်ပိုင်း လက်နက်ခဲယမ်း ပြတ်လပ်မှု၊ စစ်မှုထမ်းအင်အား နည်းပါးလာမှုကြောင့် စစ်မြေပြင်တွင် အားနည်းလာပုံပေါ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Japan Times