CNI International News

ကိယက်ဗ်၊ နိုဝင်ဘာ ၁၉

ယူကရိန်းအား ရုရှားနိုင်ငံအတွင်းသို့ အမေရိကန်က ထောက်ပံ့ပေး ထားသော ဒုံးကျည်များ အသုံးပြု၍ တိုက်ခိုက်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(Joe Biden)က ခွင့်ပြုခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ရုရှားက ယူကရိန်းနှင့် ဖြစ်ပွားနေသော စစ်ပွဲတွင် အင်အားပိုမို ဖြည့်တင်းရန် ထောင်နှင့်ချီသော မြောက်ကိုရီးယား စစ်သားများကို တပ်ဖြန့်ခဲ့ချိန်၌ အမေရိကန်က တာဝေးပစ် လက်နက်များအပေါ် ကန့်သတ်ချက်များ ဖြေလျှော့ပေး ခဲ့ခြင်းဖြစ်သည်။

ရုရှားသမ္မတ ပူတင် (Vladimir Putin)က ယူကရိန်းတပ်ဖွဲ့များထံ ဆုံးရှုံးသွားခဲ့သော နယ်မြေများကို ပြန်လည်ရယူ ရန် ကြိုးပမ်းသည့်အနေဖြင့် ယူကရိန်း၏ မြောက်ဘက် နယ်စပ်တစ်လျှောက် မြောက်ကိုရီးယား စစ်သားများကို တပ်ဖြန့်ချထားချိန်တွင် အမေရိကန်က ATACM ဟုခေါ်သည့် တာဝေးပစ် ဒုံးကျည်များကို ရုရှားနိုင်ငံတွင်းသို့ ထိုးစစ်ဆင် တိုက်ခိုက်ရန် ယူကရိန်းအား အသုံးပြုခွင့် ပေးလိုက်ခြင်းဖြစ်သည်။

“လေကြောင်း တိုက်ခိုက်မှုတွေဟာ စကားလုံးတွေနဲ့ ပြုလုပ်ထားတာ မဟုတ်ပါဘူး။ ဒုံးကျည်တွေက သူတို့ ဘာသာ စကားပြောလာပါလိမ့်မယ်”ဟု ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelenskyy)က ဗွီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဘိုင်ဒန်နဲ့အမေရိကန် တာဝေးပစ် ဒုံးကျည်ကို တွေ့ရစဉ်

ရုရှားနယ်စပ်မှ ၂၄ မိုင်အကွာ ယူကရိန်းမြောက်ပိုင်း ဆူမီမြို့ရှိ (၉)ထပ် အဆောက်အအုံကို ရုရှား၏တိုက်ခိုက်မှု ကြောင့် လူ (၈)ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် ဇာလန်းစကီးက လူမှုကွန်ရက် Telegram တွင် စိတ်မကောင်း ဖြစ်မိကြောင်း သတင်းစကား ထုတ်ပြန်ခဲ့သည်။

အမေရိကန်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဒေါ်နယ်ထရမ့်(Donald Trump)က ၎င်းအနေဖြင့် စစ်ပွဲကို အလျှင်အမြန် အဆုံးသတ် ပေးနိုင်မည်ဟု ပြောကြားခဲ့သည်။

ထရမ့်၏ အစိုးရသစ်သည် ယူကရိန်းအတွက် အမေရိကန်၏ အရေးပါသော စစ်ရေးထောက်ပံ့မှုကို ဆက်လက် လုပ်ဆောင်သွားမည် ဟုတ်/မဟုတ် မသေချာမှုများနှင့် ရင်ဆိုင်နေရချိန်တွင် ဘိုင်ဒန်က ယခုကဲ့သို့ ခွင့်ပြုပေး ခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့် ၎င်း၏ အနောက်မဟာမိတ်များက ရုရှားအတွင်းပိုင်းသို့ တိုက်ခိုက်မှုများတွင် အမေရိကန်က ပံ့ပိုးပေးထားသော တာဝေးပစ် ဒုံးကျည်များအား အသုံးပြုခွင့်ပေးရန် ဘိုင်ဒန်ကို လပေါင်းများစွာ ကြာ တောင်းဆိုခဲ့ကြသည်။

ဒေါ်နယ်ထရမ့်နဲ့ ဇာလန်းစကီးကို တွေ့ရစဉ် 

အမေရိကန်က ၎င်း၏ တာဝေးပစ်ဒုံးကျည် အသုံးပြုမှုများကို တားမြစ်ပိတ်ပင်မှုသည် ယူကရိန်း၏မြို့များနှင့် လျှပ်စစ်ဓာတ်အားလိုင်းများကို ရုရှား၏ တိုက်ခိုက်မှုများအား ရပ်တန့်သွားစေမည် မဟုတ်ကြောင်း ဇာလန်းစကီး က ပြောကြားခဲ့ဖူးသည်။

ရုရှားသည် လတ်တလော လများအတွင်း ဒရုန်းနှင့် ဒုံးကျည် တိုက်ခိုက်မှု အများအပြားကို လုပ်ဆောင်ခဲ့ပြီး ယူကရိန်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ ရုရှားသည် စွမ်းအင်အခြေခံ အဆောက်အအုံများကို အဓိက ပစ်မှတ်ထားနေခြင်းဖြစ်ကာ အရပ်သား သေဆုံးမှုများရှိကြောင်း ပြောကြားခဲ့သည်။

ဆောင်းရာသီ မတိုင်မီ ရုရှားအစိုးရက ယူကရိန်း၏ လျှပ်စစ်ဓာတ်အားပေးမှုကို ဖျက်ဆီးရန် ရည်ရွယ်မှုနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်နေချိန် ယင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Source: ရိုက်တာ