CNI International News
ကိယက်ဗ်၊ မေလ ၆
ရုရှားဘက်မှ သဘောတူမည်ဆိုပါက ရုရှားနှင့်ယူကရိန်းကြား အပစ်အခတ်ရပ်စဲရန် ဖြစ်နိုင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး ( Volodymyr Zelenskyy) က ပြောကြားခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် မေလ ၈ ရက်မှ ၁၀ ရက်အထိ ၃ ရက်ကြာ အပစ်အခတ် ရပ်စဲရေးကြေညာမှုကို ဇာလန်းစကီးက ငြင်းဆိုခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းက ပူတင်၏ အပစ်အခတ်ရပ်စဲရေး ကြေညာမှုသည် စစ်ပွဲကို အဆုံးသတ်ရန်အတွက် လုံလောက်မှု မရှိသည့် ဟန်ပြအပစ်အခတ်ရပ်စဲမှုဖြစ်ကြောင်း ဇာလန်းစကီးက ဝေဖန်ရှုံ့ချခဲ့သည်။
ထို့ပြင် မေလ ၉ ရက်တွင် မော်စကိုမြို့တော်၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ်အပြီး ရုရှား၏ အောင်ပွဲနေ့ (Victory Day) အထိမ်းအမှတ် အခမ်းအနားများကို တက်ရောက်မည့် ပြည်ပခေါင်းဆောင်များအား ဖြစ်လာနိုင်ခြေရှိသည့် အခြေအနေများအတွက် တာဝန်မယူကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်
မေလ ၄ ရက် ညပိုင်းကလည်း ကိယက်မြို့ကို ရုရှားက ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် လူနေ အဆောက်အအုံများ မီးလောင်ခဲ့ကြောင်း ယူကရိန်းအရာရှိများက ပြောကြားခဲ့သည်။
ရုရှားသည် ယူကရိန်းအရှေ့ပိုင်းဒေသကို တိုက်ခိုက်နေသည့် ၎င်း၏ ထိုးစစ်ကို အရှိန်မြှင့်ထားဆဲဖြစ်ကြောင်း ယူကရိန်းစစ်ဦးစီးချုပ် အိုလက်ဇန်းဒါး ဆိုစကီး (Oleksandr Syrskyi) က ပြောကြားခဲ့သည်။
ဒွန်းနက်စ် (Donetsk) ဒေသရှိ မဟာဗျူဟာကျသည့် ပိုကရော့ဗ်စ် (Pokrovsk) မြို့တွင်လည်း ရုရှား၏ တိုက်ခိုက်မှု အကြိမ် ၇၀ ခန့်ကို ကာကွယ်ခဲ့ရပြီး ၁၂ နေရာတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ယူကရိန်းတပ်ဖွဲ့ များက ပြောကြားခဲ့သည်။
ပိုကရော့ဗ်စ်မြို့သည် အဓိကကျသည့် သယ်ယူပို့ဆောင်ရေး ဗဟိုချက်ဖြစ်ကာ ရုရှားတပ်ဖွဲ့များက ထိုမြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ရုရှားနှင့် ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် အမေရိကန်က သံတမန်ရေးအရာ အားထုတ် ကြိုးပမ်းနေသည့်တိုင် ရုရှားက ၎င်း၏ ထိုးစစ်ကို ဆက်လက် ဆင်နွှဲနေခြင်းဖြစ်သည်။
Source: DW