CNI International News

ကိယက်၊ မတ်လ ၁

ယူကရိန်းတပ်ဖွဲ့များသည် အက်ဗ်ဒိဗ်ကာ (Avdiivka) မြို့ အနောက်ဘက် အော်လစ်ဗ်ကာ (Orlivka) ကျေးရွာတွင် ရုရှားတပ်ဖွဲ့များကို တွန်းလှန်တိုက်ခိုက်ခဲ့သော်လည်း အရှေ့ပိုင်းစစ်မြေပြင်တွင် အခြေအနေများသည် ခက်ခဲနေ ကြောင်း ယူကရိန်းစစ်တပ်အကြီးအကဲ အိုလက်ဆန်းဒါး ဆိုစကီး (Oleksandr Syrskyi) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အော်လစ်ဗ်ကာကျေးရွာသည် မကြာသေးမီက ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် လက်စ်တိုချကနီ (Lastochkyne) ကျေးရွာ၏ အနောက်မြောက်ဘက် ၂ ကီလိုမီတာအကွာတွင် တည်ရှိသည်။

ရုရှားတပ်ဖွဲ့များသည် မကြာသေးမီက အက်ဗ်ဒိဗ်ကာမြို့ကို တစ်လကြာ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက် မဟာဗျူဟာအရ အရေးပါသည့် ထိုမြို့ကို ပြီးခဲ့သည့် သီတင်းပတ်က သိမ်းပိုက်နိုင်ခဲ့ကာ ရှေ့တန်းစစ်မျက်နှာ တစ်လျှောက်တွင်ရှိသည့် အခြားနေရာဒေသများကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ယူကရိန်းအား အနောက်မဟာမိတ်နိုင်ငံများ၏ ထောက်ပံ့မှုများ နှေးကွေးလာသဖြင့် ယူကရိန်းတပ်ဖွဲ့များသည် ယခုသီတင်းပတ်အတွင်း အက်ဗ်ဒိဗ်ကာမြို့အနီးရှိ ကျေးရွာနှစ်ရွာမှ ဆုတ်ခွာခဲ့ရသည်ဟု ယူကရိန်းစစ်တပ်က ပြောသည်။

ယူကရိန်းမြေပုံကိုတွေ့ရစဉ်

“ရန်သူတွေက ရှေ့တန်းစစ်မြေပြင်က နေရာအများအပြားမှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် အက်ဗ်ဒိဗ်ကာမြို့နဲ့ ဇာပိုရီရှား (Zaporizhzhia) ဒေသတွေက တိုက်ပွဲ အခြေအနေတွေဟာ ပြင်းထန်နေပါတယ်”ဟု ဆိုစကီးက Telegram တွင် ပြောကြားခဲ့သည်။

ရုရှား၏ ချေမှုန်းရေးတပ်ဖွဲ့များသည် ယူကရိန်း၏ ခံစစ်စည်းကို ချိုးဖျက်ရန် ကြိုးပမ်းနေပြီး တိုနန်ကီ (Tonenke) အော်လစ်ဗ်ကာ၊ ဆီမီနစ်ဗ်ကာ (Semenivka)၊ ဘာဒီချီ (Berdychi) နှင့် ကရက်စ်နိုဟိုရစ်ဗ်ကာ (Krasnohorivka) မြို့များ၏ ရပ်ကွက်များကို သိမ်းယူရန် ကြိုးပမ်းနေသည်ဟု ၎င်းက ပြောသည်။

ယူကရိန်း၏ အရှေ့ပိုင်းစစ်မြေပြင်ရှိ စစ်သားများထံ သွားရောက်ခဲ့သည့် ဆိုစကီးက တပ်မှူးအချို့သည် ရန်သူများ ၏ အခြေအနေကို လေ့လာသိရှိမှု အားနည်းလာသဖြင့် ခံစစ်အတွက် ပြင်ဆင်မှုများအပေါ် တိုက်ရိုက် သက်ရောက် မှုရှိခဲ့သည့် အခြေအနေကို ၎င်းအား တင်ပြခဲ့သည်ဟု ပြောသည်။

ယူကရိန်းစစ်တပ်အကြီးအကဲ အိုလက်ဆန်းဒါး ဆိုစကီးကို တွေ့ရစဉ်

“မြေပြင်က အခြေအနေတွေကို အဆင်ပြေစေဖို့အတွက် လက်နက်ခဲယမ်းနဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ခွဲတမ်း ချမှု၊ အရန်တပ်ဖွဲ့တွေကို လျာထားမှု အပါအဝင် လိုအပ်တဲ့ အစီအမံတွေအားလုံးကို လုပ်ဆောင်ပေးခဲ့ပါတယ်” ဟု ဆိုစကီးက ပြောသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) ကလည်း အနောက်မဟာမိတ်များထံမှ စစ်ရေး အကူအညီများ လျော့နည်းလာသဖြင့် ရုရှားတပ်ဖွဲ့များကို ခုခံရန် လိုအပ်သည့် စစ်လက်နက် ပစ္စည်းများနှင့် ခဲယမ်းများ လျော့နည်းလာကြောင်း မကြာခဏ ပြောကြားခဲ့သည်။

Source: ရိုက်တာ