CNI International News

ကိယက်ဗ်၊ ဧပြီ ၂၄

ယူကရိန်းအာဏာပိုင်များသည် ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း တပ်သားသစ်များကို ထပ်မံစုဆောင်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

မကြာသေးမီက ယူကရိန်း၏ တပ်သားသစ်စုဆောင်းသည့် ကြိုးပမ်းအားထုတ်မှုများကို ပြည်သူလူထုက အယုံ အကြည် ကင်းမဲ့ခဲ့သဖြင့် တပ်သားသစ်များ စုဆောင်းနိုင်ရန် အခက်တွေ့ခဲ့ရပြီးနောက် ကာကွယ်ရေး အရာရှိများ နှင့် စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များသည် အရပ်သားများကို စစ်ထဲဝင်ရန် နည်းမျိုးစုံဖြင့် ဆွဲဆောင်လျက်ရှိသည်။

ထိုနည်းလမ်းများထဲတွင် ရှေ့တန်း စစ်မြေပြင်နှင့်ဝေးသည့် မြို့များ၊ နယ်များတွင် စစ်ထဲဝင်ရန် မက်လုံးပေး ကမ်းလှမ်းထားသည့် ပိုစတာများ၊ ဆိုင်းဘုတ်များကို စိုက်ထူခြင်း၊ အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်များတွင် တပ်သားသစ်စုဆောင်းသည့် ခေါ်စာများ ထည့်သွင်းခြင်း၊ လူမှုမီဒီယာများတွင် စစ်မှုထမ်းရန် တိုက်တွန်းခြင်းတို့ ပါဝင်သည်။

ယူကရိန်း ပြည်သူများ စစ်မှုထမ်းရန် သင်တန်းတက်နေစဉ်

ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး နာတာလီယာ ကယ်လ်မိုင်ကိုဗာ (Natalia Kalmykkova) က စစ်တပ်၏ စီမံကိန်းရေးဆွဲသူများသည်  ဒီမိုကရေစီနိုင်ငံဖြစ်သည့် ယူကရိန်းတွင် ပြည်သူများအား စစ်ထဲသို့ ဝင်ရောက်ရန် ဆွဲဆောင်ရာမှာ ရွေးချယ်ခွင့် အချို့ပေးခြင်းသည် အဓိကကျသည်ဆိုသော အချက်ကို လက်ခံထားကြကြောင်း ပြောကြားခဲ့သည်။

“ကျမတို့နိုင်ငံကို ကာကွယ်ချင်တဲ့ လူတွေဟာ အခုဆိုရင် စစ်တပ်ထဲဝင်ရတာကို အသက်မွေးဝမ်းကြောင်း တစ်ခု အဖြစ် ရွေးချယ်ကြသူတွေ မဟုတ်ပါဘူး။ သူတို့ဟာ အရပ်သားတွေ ဖြစ်ပါတယ်။ အရပ်သားတွေဟာ သူတို့ ကိုယ်ပိုင် ရွေးချယ်ခွင့်ရှိပါတယ်” ဟု နာတာလီယာက ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း စစ်ပွဲ ဖြစ်ပွားလာသည်မှာ ၃ နှစ်ထဲသို့ ဝင်ရောက်လာချိန်တွင် ရုရှားနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကီလိုမီတာ ၁၀၀၀ အရှည်ရှိသော ရှေ့တန်းစစ်မျက်နှာပြင်၌ ယူကရိန်းဘက်မှ စစ်သားအင်အားများ လျော့နည်း လာမှုနှင့် ရင်ဆိုင်နေရသည်။

ယူကရိန်းက စစ်မှုထမ်းရန် စည်းရုံးနေစဉ်

ရုရှား၏ ကျူးကျော်မှု စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်း၏ မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူများ သည် စစ်ထဲသို့ စုပြုံဝင်ရောက်ခဲ့သော်လည်း လက်ရှိတွင် မိမိသဘော ဆန္ဒအလျောက် စစ်မှုထမ်းသူများ မရှိသလောက် လျော့ကျခဲ့သည်။

ထို့ပြင် ထောင်နှင့်ချီသည့် ယူကရိန်းနိုင်ငံသားများသည် စစ်မှုထမ်းဥပဒေကို ရှောင်ရှားပြီး အချို့ကလည်း စစ်မှုထမ်းရမည်ကို ထိတ်လန့်သဖြင့် နိုင်ငံအတွင်းမှ ထွက်ပြေး တိမ်းရှောင်မှုများနှင့်အတူ တပ်သားသစ် စုဆောင်းသည့် အစီအစဉ်သည် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း အစိုးရက ဝန်ခံထားသည်။

ယူကရိန်းတွင် စစ်စည်းရုံးရေး ဥပဒေသည် လာမည့် သီတင်းပတ်တွင် စတင်အကျုံးဝင် သက်ရောက်မည်ဖြစ်ပြီး စစ်မှုထမ်းဥပဒေကို ရှောင်းလွှဲမည့် သူများကို ပြင်းထန်စွာ အပြစ်ပေးမည်ဖြစ်ကြောင်း ထိုဥပဒေမှာ ဖော်ပြထား သည်။

Source: ရိုက်တာ