CNI International News

နယူးဒေလီ၊ ဧပြီ ၂၅

အိန္ဒိယသည် ၈ နှစ်အတွင်း ကာကွယ်ရေးထုတ်ကုန် တင်ပို့မှုများ ၁၀၀ ရာခိုင်နှုန်းကျော် မြင့်တက်မှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ လက်နက်ဈေးကွက်တွင် အဓိကကျသည့် အခန်းကဏ္ဍသို့ မြင့်တက်လာခဲ့သည်ဟု The Times Kuwait မှ ဖော်ပြခဲ့သည်။

ထိုတင်ပို့ရောင်းချမှုများသည် လက်ရှိတွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၈၅ နိုင်ငံသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။

အိန္ဒိယသည် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေး ထုတ်ကုန်တင်ပို့မှု အများဆုံး ၂၅ နိုင်ငံစာရင်းတွင် ပါဝင်ခဲ့ပြီး ထိုကာကွယ်ရေးထုတ်ကုန် တင်ပို့မှုများ၌ ကုမ္ပဏီပေါင်း ၁၀၀ ကျော်က တက်ကြွစွာ ပါဝင်ခဲ့သည်ဟု ဆိုသည်။

တောင်အာရှနိုင်ငံဖြစ်သည့် အိန္ဒိယသည် ဆူပူရှုပ်ထွေးပြီး ပြောင်းလဲမှုများနှင့်အတူ ကြိုတင်ခန့်မှန်းနိုင်စွမ်း မရှိသည့် ပထဝီမဟာဗျူဟာ အခင်းအကျင်းတွင် ကြံ့ကြံ့ခံ ရပ်တည်နိုင်သော ကာကွယ်ရေးထုတ်ကုန်များ တင်ပို့ရောင်းချသူအဖြစ် ရပ်တည်နိုင်ခဲ့သည်။ 

ကမ်းရိုးတန်း ကင်းထောက်လှမ်းမှု စနစ်များမှအစ ဒုံးကျည်များနှင့် ဒုံးပစ်လောင်ချာများအဆုံး ကာကွယ်ရေး ထုတ်ကုန်ကဏ္ဍတွင် အိန္ဒိယ၏ အားတက်သရော ကြိုးပမ်းအားထုတ်မှုများသည် ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ထက်၌ အိန္ဒိယကို မဟာဗျူဟာကျသည့် နေရာသို့ တွန်းပို့ပေးနိုင်ခဲ့သည်။

အိန္ဒိယထုတ် ကာကွယ်ရေးထုတ်ကုန်မြင့်တက်မှုကို ညွန်းပြထားစဉ်

လက်ရှိတွင် အိန္ဒိယသည် ကမ္ဘာလုံးဆိုင်ရာ လက်နက် ကုန်သွယ်မှု၌ ယုံကြည်စိတ်ချရသည့် ထောက်ပံ့သူတစ်ဦး အဖြစ် ရပ်တည်နေပြီး ၂၀၂၃-၂၄ ခုနှစ်အတွင်း ကာကွယ်ရေးထုတ်ကုန် တင်ပို့မှုသည် ရူပီး ၂၁,၀၈၃ ကုဋေ ရှိခဲ့သည်။

ထိုပမာဏသည် ရူပီး ၁၅,၉၂၀ ကုဋေ ရှိခဲ့သည့် ၂၀၂၂-၂၃ ခုနှစ်ကထက် ပိုမိုမြင့်တက်ခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၃၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ်အတွင်း ထုတ်ပြန်ခဲ့သည့် အိန္ဒိယ၏ ကာကွယ်ရေး ထုတ်လုပ်မှုနှင့် ပို့ကုန်မြှင့်တင်ရေး မူဝါဒ (DPEPP)သည် အိန္ဒိယ၏ ကာကွယ်ရေးကဏ္ဍကို သိသာစွာ မြင့်တက်စေရန် အထောက်အကူ ဖြစ်စေခဲ့သည်။

DPEPP မူဝါဒအရ အိန္ဒိယသည် ၂၀၂၅ ခုနှစ်တွင် ပို့ကုန်ကဏ္ဍ၌ ဒေါ်လာ ၅ ဘီလျံ အပါအဝင် ကာကွယ်ရေး ထုတ်ကုန်ကဏ္ဍမှာ ဝင်ငွေ အနုတ်၊အသိမ်း  ဒေါ်လာ ၂၅ ဘီလျံ ရှိစေရန် ရည်မှန်းထားသည်။

အိန္ဒိယ၏ ကာကွယ်ရေး ထုတ်ကုန်ကဏ္ဍသည် မကြာသေးမီက ဒေါ်လာ ၁၂ ဘီလျံအထိ မြင့်တက်ခဲ့ကာ ၅ နှစ် အတွင်း ၂ ဆနီးပါး မြင့်တက်ခဲ့ပြီး ပြည်သူပိုင်ကဏ္ဍမှ ၈၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိကပိုင် ကဏ္ဍမှ ၂၀ ရာခိုင်နှုန်း ပါဝင်ခဲ့ သည်။

Source: The Times Kuwait