CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၂၁

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အိန္ဒိယနိုင်ငံကို ဒေါ်လာ ၉၃ သန်းတန်ဖိုးရှိ Javelin တင့်ကားဖျက် ဒုံးကျည်စနစ်နှင့် Excalibur ပဲ့ထိန်း လက်နက်ကြီးကျည်များ ရောင်းချရေးကို အတည်ပြုခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (DSCA) က နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည် ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အိန္ဒိယကို ရုရှားထံမှ ရေနံများ ဝယ်ယူမှုအတွက် အရေး ယူသည့် အနေဖြင့် အိန္ဒိယ၏ ပို့ကုန်များအပေါ် ကုန်သွယ်ခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီးနောက် ဩဂုတ်လအတွင်း နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့သည်။

ယခု လက်နက်များ ရောင်းဝယ်မှုသည် နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့သည့် ဩဂုတ်လနောက်ပိုင်း အမေရိကန်၏ လက်နက်များကို အိန္ဒိယက ပထမဆုံးအကြိမ် ဝယ်ယူမှုဖြစ်လာခဲ့သည်။

အိန္ဒိယသည် ပြည်တွင်းလုပ် Tejas တိုက်လေယာဉ်များအတွက် အမေရိကန်၏ General Electric ကုမ္ပဏီက ထုတ်လုပ်သည့် ဂျက်လေယာဉ် အင်ဂျင်များကိုလည်း ယခုလအတွင်း ထပ်မံအော်ဒါ မှာယူခဲ့သည်။

အမေရိကန်နဲ့အိန္ဒိယ အလံကို တွေ့ရစဉ်

“အဆိုပြုထားတဲ့ လက်နက်ရောင်းချရေး အစီအစဉ်ဟာ အမေရိကန်-အိန္ဒိယ မဟာဗျူဟာမြောက် ဆက်ဆံရေးကို မြင့်တင်ရာမှာ အထောက်အကူဖြစ်စေပြီး အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေး ရည်မှန်းချက် တွေကိုလည်း အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ အင်ဒို-ပစိဖိတ်နဲ့ တောင်အာရှဒေသတွေရဲ့ နိုင်ငံရေးတည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး အလားအလာတွေအတွက် အရေးကြီးတဲ့ အင်အားတစ်ခုကို ဆက်ရှိစေနိုင်မယ့် နှစ်နိုင်ငံ ကာကွယ်ရေး မိတ်ဖက်ဆက်ဆံမှုကိုလည်း မြင့်တက်စေပါလိမ့်မယ်” ဟု DSCA က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ သည်။

အိန္ဒိယအစိုးရသည် Excalibur နည်းဗျူဟာမြောက် လက်နက်ထိပ်ဖူး ၂၁၆ ခုနှင့် Javelin စနစ် ၁၀၀ ယူနစ်ကို ဝယ်ယူရန် တောင်းဆိုထားကြောင်း DSCA  က ပြောကြားခဲ့သည်။

အိန္ဒိယသည် ၎င်း၏ M-777 ဟောင်ဝဇ္ဇာများတွင်လည်း Excalibur လက်နက်ထိပ်ဖူးများကို ယခင်ကတည်းက အသုံးပြုခဲ့ဖူးသည်။

ထိုလက်နက် ရောင်းချမှုများတွင် Excalibur လက်နက်ထိပ်ဖူးများအတွက် RTX Corp ကုမ္ပဏီက ကန်ထရိုက် ရယူမည်ဖြစ်ပြီး Javelin စနစ်များအတွက် RTX Corp နှင့် Lockheed Martin ကုမ္ပဏီတို့က အကျိုးတူပူးပေါင်းပြီး ကန်ထရိုက်ယူမည်ဖြစ်သည်။

Source: ရိုက်တာ