CNI International News

ဝါရှင်တန်၊ ဇူလိုင် ၁၁

အိန္ဒိယသည် အမေရိကန်လက်နက်များကို ဒေါ်လာ ဘီလျံနှင့်ချီ၍ ဝယ်ယူနေခြင်းမှာ ကာကွယ်ရေးပစ္စည်းတွင် ရုရှားကို မှီခိုနေရာမှ အနောက်ကမ္ဘာသို့ ခြေဦးလှည့်လာသည်ဆိုသည်ထက် ပြည်တွင်းတွင် လက်နက်ကို တိုး၍ ထုတ်လုပ်လာသောကြောင့် ဖြစ်သည်ဟု အိန္ဒိယက ပြောကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။ 

အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းသည့် နိုင်ငံဖြစ်သော်လည်း ယခုလက်ရှိ လက်နက်ဝယ်ယူမှု အားလုံးနီးပါးတွင် မည်သည့်နိုင်ငံနှင့်ဖြစ်စေ ဖက်စပ်ထုတ်လုပ် (သို့မဟုတ်) နည်းပညာ လွှဲပြောင်းရယူဖို့ဟူသည့် အချက်များ ပါဝင်နေသည်။ 

ယူကရိန်းစစ်ပွဲကြောင့် ရုရှားက အိန္ဒိယသို့ လက်နက်တင်ပို့မှု လျော့နည်းလာခြင်းကြောင့် အိန္ဒိယသည် လက်နက် တင်သွင်းမှုကို တစ်နေရာတည်း မဟုတ်ဘဲ ခွဲထားလိုသော ဆန္ဒနှင့် ပြည်တွင်းထုတ် လက်နက်များ ထုတ်လုပ်လို သော ကာလကြာမြင့်စွာကတည်းက မက်လာခဲ့သော အိပ်မက်ကို အကောင်အထည်ဖော်ရန် ဖြစ်လာခဲ့ရသည်ဟု အိန္ဒိယကာကွယ်ရေးဌာနက ပြောသည်။ 

အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်

လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အိန္ဒိယက လက်နက်များကို ကန်ဒေါ်လာ ၆၀ ဘီလီယံအထိ ဝယ်ယူတင်သွင်းခဲ့ ကြောင်း၊ ထိုတင်သွင်းမှုများအနက် ၆၅ ရာခိုင်နှုန်းမှာ ရုရှားထံမှ ဖြစ်ကြောင်း၊ တန်ဖိုးအနေဖြင့် ဒေါ်လာ ၃၉ ဘီလီယံ ရှိကြောင်း သိရသည်။ 

အိန္ဒိယသည် လာမည့် ဆယ်စုနှစ်တွင် ပြည်တွင်း စစ်လက်နက်လုပ်ငန်းမှ ကန်ဒေါ်လာ ၁၀၀ ဘီလီယံ တန်ဖိုးအထိ လက်နက်များ မှာယူသွားရန် ရည်ရွယ်ထားသည်ဟု ကာကွယ်ရေးဝန်ကြီး ရာနတ်ဆင်း (Rajnath Singh)က ပြောသည်။ 

အမည်မဖော်လိုသူ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက “ရုရှားအပေါ်  မှီခိုမှုကို လျှော့ချရမှာက တကယ့် အမှန်တရားပါ။ ဒါပေမယ့် ဒါက အပိုင်းနှစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းက သွင်းကုန် လုပ်ငန်းနယ်ပယ်ထဲက ထွက်ဖို့ ကြိုးစားတာပါ”ဟု ပြောသည်။ 

ပြီးခဲ့သည့်လက အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi)၏ ဝါရှင်တန်ခရီးစဉ်အတွင်း တိုက်လေယာဉ်များ အတွက် ကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ ဂျီအီးအင်ဂျင်များ အပါအဝင် အမေရိကန် ကာကွယ်ရေးပစ္စည်းများကို ဝယ်ယူခဲ့ကြောင်း ကြေညာခဲ့သည်။ 

အိန္ဒိယထုတ် စစ်ရဟတ်ယာဉ်ကိုတွေ့ရစဉ်

ထို့နောက် ကန်ဒေါ်လာ ၃ ဘီလီယံ  တန်ဖိုးရှိ ဒရုန်းများ ဝယ်ယူရန်လည်း ဆွေးနွေးခဲ့သည်။ 

တိုင်းပြည်နှင့်လူထု ကာကွယ်ရေးတွင် ကိုယ့်အားကိုယ်ကိုးလိုသည့် မိုဒီ၏ “အိန္ဒိယထုတ်”မူဝါဒအရ ဂျက်အင်ဂျင် အရောင်းအဝယ်၌ နောင်တွင် ဖက်စပ်ထုတ်လုပ်သွားမည့် သဘောတူညီချက် ပါဝင်သည်။
အလားတူ ဒရုန်းများကိုလည်း ပြည်တွင်းတွင်သာ တပ်ဆင်ပြုပြင် ထိန်းသိမ်းသွားမည့် သဘောတူညီချက် ပါသည်။  

Source: Reuters