CNI International News
နယူးဒေလီ၊ ဇွန်လ ၁၉
မေလအတွင်းက အိန္ဒိယနှင့် ပါကစ္စတန်ကြား ၄ ရက်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ခြင်းသည် နှစ်နိုင်ငံစစ်တပ်ကြား ဆွေးနွေးညှိနှိုင်းမှုများကြောင့်ဖြစ်ပြီး အမေရိကန်မှ ကြားဝင်စေ့စပ်ပေးခဲ့၍ မဟုတ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi)က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Narendra Modi) ကို ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
“ဒီရက်ပိုင်းမှာ အိန္ဒိယ-အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ မရှိကြောင်း၊ အိန္ဒိယနဲ့ ပါကစ္စတန်ကြားမှာ အမေရိကန်က ကြားဝင်စေ့စပ်ပေးခဲ့ခြင်း မရှိကြောင်းကို ဝန်ကြီးချုပ် မိုဒီက သမ္မတ ထရမ့်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗစ်ကရမ် မစ္စရီ (Vikram Misri) က ဇွန်လ ၁၈ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“အိန္ဒိယနဲ့ ပါကစ္စတန်ကြား တည်ဆဲစစ်ရေး ဆက်သွယ်ရေး လမ်းကြောင်းတွေကတဆင့် တိုက်ရိုက်ဆွေးနွေးပြီး စစ်ရေးလှုပ်ရှားမှုကို ရပ်တန့်ဖို့ ဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယဟာ ကြားဝင်စေ့စပ်မှုကို အရင်ကလည်း လက်မခံခဲ့ သလို နောက်လည်း လက်ခံမှာ မဟုတ်တဲ့အကြောင်း မိုဒီက ပြောခဲ့ပါတယ်”ဟု မစ္စရီ ပြောသည်။
မိုဒီနှင့် ထရမ့်တို့သည် ဇွန်လ ၁၇ ရက် နှောင်းပိုင်းက ဖုန်းဆက်သွယ် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ကနေဒါနိုင်ငံတွင် ပြုလုပ်သည့် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) အစည်းအဝေး၌ မိုဒီနှင့် သီးသန့် မတွေ့နိုင်ခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့သည်ဟု ၎င်းက ပြောသည်။
G-7 အစည်းအဝေးမှာ မိုဒီကို တွေ့ရစဉ်
မိုဒီသည် G-7 အစည်းအဝေးကို ဧည့်သည်အဖြစ် တက်ရောက်ခဲ့ပြီး ထရမ့်နှင့် ဖုန်းပြောဆိုမှုသည် ၃၅ မိနစ် ကြာမြင့်ခဲ့သည်။
ထရမ့်ကမူ အိန္ဒိယနှင့် ပါကစ္စတန်သည် အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် အပစ်အခတ်ရပ်စဲရန် သဘောတူ ညီချက် ရရှိခဲ့ခြင်းဖြစ်သည်ဟု ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။
ယခု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်နှင့်ပတ်သက်ပြီး အိမ်ဖြူတော်က ချက်ချင်း မှတ်ချက် မပေးခဲ့ပေ။
ပါကစ္စတန်ကလည်း မေလ ၇ ရက်တွင် အိန္ဒိယစစ်တပ်နှင့် သဘောတူညီမှု ရရှိခဲ့ပြီးနောက် အပစ်အခပ်ရပ်စဲရေး အတွက် သဘောတူ ခဲ့ခြင်းဖြစ်ကြောင်း အစောပိုင်းက ထုတ်ပြန်ခဲ့သည်။
မေလအတွင်းက ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အစ်ဟက် ဒါး (Ishaq Dar) ကလည်း အယ်လ်ဂျာဇီးယား သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူး တစ်ခုတွင် အိန္ဒိယနှင့် အပစ်အခတ်ရပ်စဲရေးကို အမေရိကန်က ကြားဝင် စေ့စပ်ပေးခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ