CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၅
အိန္ဒိယနှင့် ပါကစ္စတန် ဖြစ်ပွားခဲ့သော ကက်ရှ်မီးယားဒေသတိုက်ပွဲကို ရပ်တန့်အောင် လုပ်ပေးခဲ့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောကြားချက်ကို ငြင်းဆိုပြီး အိန္ဒိယနှင့်အမေရိကန်ကြား သံတမန်ဆက်ဆံ ရေး တင်းမာမှုမြင့်တက်လာသည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
မေလအတွင်းက ကက်ရှ်မီးယားဒေသ ဘုရားဖူးများကို အကြမ်းဖက်သမားများက ပစ်ခတ်သတ်ဖြတ်ခဲ့ရာတွင် ပါကစ္စတန်ဘက်က ပါဝင်ခဲ့သည်ဟုဆိုကာ အိန္ဒိယမှ ပါကစ္စတန်ဘက်ရှိ အကြမ်းဖက်သမားများ၏ စစ်စခန်း ၉ ခုကို လေကြောင်းက တိုက်ခိုက်ခဲ့သည်။
ထို့နောက် ပါကစ္စတန်ကလည်း အိန္ဒိယတိုက်လေယာဉ်များကို ပစ်ချခဲ့သည့်အတွက် နှစ်နိုင်ငံကြား တင်းမာမှုမြင့် တက်ခဲ့ရာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump) က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရအောင် ပုဂ္ဂိုလ်ရေးအရ ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း ကြေညာခဲ့သည်။
ထိုကြေညာချက်ကို အိန္ဒိယဘက်က ငြင်းဆိုခဲ့ပြီးနောက် အိန္ဒိယနှင့် အမေရိကန်ကြား သံတမန်ဆက်ဆံရေး တင်းမာမှု မြင့်တက်ခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗစ်ကရန် မစ္စရီကို တွေ့ရစဉ်
မကြာသေးမီက အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) သည် ထရမ့်နှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့ချိန်က အမေရိကန်၏ ကြားဝင်စေ့စပ်မှုကြောင့် မဟုတ်ဘဲ အိန္ဒိယနှင့် ပါကစ္စတန် စစ်တပ်ကြား ဆွေးနွေးမှုများ ကြောင့်သာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
“အိန္ဒိယ-အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက် ဒါမှမဟုတ် အိန္ဒိယနဲ့ ပါကစ္စတန်ကြား အမေရိကန်က ကြားဝင်စေ့စပ်ပေးတဲ့ ကိစ္စတွေ မရှိခဲ့ဘူးလို့ ဒီအချိန်အတောအတွင်း ဝန်ကြီးချုပ် မိုဒီက ထရမ့်ကို ရှင်းရှင်း လင်းလင်း ပြောခဲ့ပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗစ်ကရန် မစ္စရီ (Vikram Misri) က ပြောကြားခဲ့သည်။
“အိန္ဒိယဟာ ကြားဝင်စေ့စပ်ပေးမှုတွေကို အတိတ်ကာလကလည်း လက်မခံခဲ့သလို အနာဂတ်မှာလည်း လက်ခံမှာ မဟုတ်ဘူးဆိုတာကို ဝန်ကြီးချုပ်မိုဒီက အလေးထား ပြောဆိုခဲ့ပါတယ်” ဟု မစ္စရီက ပြောကြားခဲ့သည်။
မိုဒီနှင့် ထရမ့်တို့၏ ဖုန်းပြောဆိုမှုနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို အိမ်ဖြူတော်က ထုတ်ပြန် ခဲ့ခြင်းမရှိပေ။
မိုဒီနှင့် ထရမ့်တို့သည် ယခုလအတွင်း ကနေဒါနိုင်ငံတွင် ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) အစည်း အဝေး၌ သီးသန့်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း အရှေ့အလယ်ပိုင်းမှာ တင်းမာမှုများ မြင့်တက်နေ၍ ထရမ့်သည် G-7 အစည်းအဝေးမှ စောစောစီးစီး ပြန်သွားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
မိုဒီနှင့်ထရမ့်တို့သည် ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးခဲ့သည် ဆိုသော်လည်း ထရမ့်၏ မခန့်မှန်းနိုင်သည့် နိုင်ငံခြားရေးမူဝါဒကြောင့် ၎င်းတို့ ၂ ဦးကြား ဆက်ဆံရေး တင်းမာနေဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ယူဆခဲ့သည်။
အိန္ဒိယသည် တည်ငြိမ်သည့် မဟာဗျူဟာဖြင့် ထရမ့်နှင့် ဆက်ဆံခဲ့ကြောင်း ပါကစ္စတန်နိုင်ငံဆိုင်ရာ အိန္ဒိယ မဟာမင်းကြီးဟောင်း အဂျေး ဘစ္စရီယာ (Ajay Bisaria) က ပြောကြားခဲ့သည်။
“ဒါပေမယ့် အမေရိကန်သမ္မတက အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခမှာ သူ့ရဲ့ အခန်းကဏ္ဍကို လိုတာထက်ပိုပြီး မကြာခဏ ပြောဆိုနေတဲ့အတွက် အိန္ဒိယကလည်း ပြည်သူလူထုကို အမှန်အတိုင်းသိစေဖို့ ရှင်းလင်းခဲ့ရတာ ဖြစ်ပါတယ်” ဟု ဘစ္စရီယာက ပြောကြားခဲ့သည်။
လက်ရှိတွင် အိန္ဒိယပြည်သူများသည် အမေရိကန်ကို စိတ်မချရသည့် မိတ်ဖက်နိုင်ငံအဖြစ် ရှုမြင်လာကြသည် ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Source: DW