CNI News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA/DPLF)သည် အပတ်စဉ်(၆) စစ်သင်တန်းဆင်းပွဲနှင့် လက်နက် တပ်ဆင်ခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်က ကျင်းပသွားခဲ့သည်။

အဆိုပါ အခမ်းအနားကို မဟာမိတ် TNLA ၏ ထိန်းချုပ်နယ်မြေအတွင်းမှာ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု DPLA က ထုတ်ပြန်ခဲ့သည်။

DPLA  ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က “ မိမိတို့ ဓနုဒေသအတွင်းရှိ ပြည်သူလူထုကို သစ္စာရှိရှိနှင့် ကာကွယ်သွားကြရန်၊ အမိန့်နာခံ တတ်စေရန်နှင့် ဘယ်လိုအခြေအနေတွင်ဖြစ်စေ စိတ်ဓာတ်မကျပဲ စစ်အာဏာရှင်ကို တိုက်ထုတ်သွား ကြရန်” ပြောကြားခဲ့သည်။

ထို့နောက် အဆိုပါ စစ်သင်တန်းတွင် မိမိတို့ ဓနုဒေသအတွင်းရှိ ပြည်သူလူထုအား ကာကွယ်နိုင်ရန်၊ ရန်သူကို အမြဲသတိ ထားတတ်စေရန်နှင့် တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိစေရန်တို့ကို အဓိကထား၍ အချိန်ကာလ ၃ လကျော် ကြာ စစ်သင်တန်းပေးခဲ့ပါသည်ဟု DPLA က ထုတ်ပြန်ခဲ့သည်။

ဓနုတပ်ဖွဲ့(DPLA)သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင် အင်အားစု ဖြစ်ပြီး TNLA နှင့်တွဲဖက်ရေး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဓနုလူမျိုးများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ (ခ)တွင် ရှမ်းပြည်နယ်ရှိ ရွာငုံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရရှိထားသည်။