CNI News

၂၀၂၆ ခုနှစ်၊ ဖေဖဝါရီ ၆ 

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကုန်စည်စီးဆင်းမှု အခြေအနေ မည်ကဲ့သို့ ရှိနေလဲဆိုသည့်အပေါ် စီးပွားရေး လုပ်ငန်းရှင်များနှင့် အွန်လိုင်းရှော့ပင်း လုပ်ငန်း လုပ်ကိုင်သူများက စောင့်ကြည့်နေကြသည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မူဆယ်-လားရှိုးလမ်းပိုင်းကို မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထိန်းချုပ်ထားပြီး လားရှိုး-မန္တလေးလမ်းကို မြန်မာ့တပ်မတော်က ထိန်းချုပ်ထားသည့်အတွက် ကုန်စည်စီးဆင်းမှုများမှာ ရပ်တန့်နေ ဆဲဖြစ်သည်။

သို့သော် MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော် နယ်စပ်ဂိတ်တွင် နေ့စဉ် ကုန်တင်ယာဉ် အစီး ၂၀၀ ခန့် ကုန် တင်ကုန်ချ လုပ်လျက်ရှိကြောင်း၊ အဓိက စိုက်ပျိုးရေး ထွက်ကုန်ဖြစ်သည့် ကြံနှင့် ပြောင်း ကုန်တင်ကားများ ဖြစ်ကြောင်း MNDAA ဘက်က ထုတ်ပြန်ထားသည်။

လတ်တလော မြေပြင်တွင် MNDAA၊ TNLA နှင့် AA အဖွဲ့များသည် မူဆယ် (၁၀၅)မိုင်ဂိတ်ကို ထိန်းချုပ်ထားပြီး  မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) အပါအဝင် တရုတ်–မြန်မာ နယ်စပ်ဂိတ်များတွင် ကုန်စည်ကန့်သတ်ချက်များကို ဖြေလျှော့ပေးထားကြောင်း ကုန်သည်များထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်စည်စီးဆင်းမှုမှာ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးဂိတ်ကနေ ကုန်ကားများ အဝင်အထွက် လုပ်နေကြကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများမှ ထိန်းချုပ်ထားကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုတော့ ဟိုချင်းရွှေဟော် ဂိတ်ကနေပဲ လာနေကြတာပဲ ကုန်တွေကလေ။ ဒီမူဆယ် ဘက်ကနေလည်း ဟို တချို့လာနေကြတာပဲ။ ချင်းရွှေဟော် ဂိတ်ကနေတော့ ကားအဝင်အထွက်တွေ၊ ကားကြီး အဝင်အထွက်တွေ တော့ တွေ့ရတယ်။ ဘယ်လိုနည်းနဲ့ ဘယ်လိုတော့ သွားနေကြတယ်တော့ မသိဘူး။ အဝင်အထွက်တွေတော့ ရှိနေပါတယ်၊ သိတာကတော့ အဲ့ဒီ ပြည်ထောင်စုလမ်းမကြီးကနေပဲ လာကြတာပေါ့နော်။ ပြည်ထောင်စုလမ်းမမှာ ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း လားရှိုးရဲ့ ဟိုဘက်တွေ လက်နက်ကိုင် အဖွဲ့အစည်းတွေ အကုန်လုံး သူတို့ သူတို့ပဲ ကွပ်ကဲတာပေါ့။ သူတို့ ထိန်းသိမ်းထားတယ်။ ကုန်စည်ကူးသန်းမှုလည်း သူတို့ထိန်းထားတဲ့ နေရာ တွေ ကနေပဲ ဟိုဝင်ထွက်သွားလာတယ်။ ပြည်ထောင်စု လမ်းမကနေပဲ လာတာပါ။ တခြားလမ်းတွေကတော့ လာတာတော့ မတွေ့ရဘူးပေါ့နော်။ လက်ရှိ ပြည်ထောင်စုလမ်းမတွေကပဲလာတာ တွေ့နေရပါတယ်။ လောလော ဆယ်တော့ ဒီဘက် နိုင်ငံတော်အစိုးရ အနေနဲ့တော့ ဒီဘက်ကတော့ လုံးဝကတော့ ပိတ်ထားတယ်ပေါ့နော်”ဟု ပြောသည်။

မူဆယ်(၁၀၅)မိုင်ဂိတ်ကို မြောက်ပိုင်းအဖွဲ့ထိန်းချုပ်ထားစဉ်

လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် မူဆယ်ဘက်ကတော့ ကုန်စည်များ ဝင်ရောက်နေကြောင်း၊ ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်များကနေလည်း ကုန်စည် များ ဝင်ရောက်နေကြောင်း၊ ထိုကုန်စည်များကို လက်နက်ကိုင်အဖွဲ့အစည်းများက ငွေကြေးကောက်ခံလျက်ရှိ ကြောင်း သိရသည်။

လက်ရှိတွင် ချင်းရွှေဟော်နှင့် ကျင်စန်းကျော့ အပါအဝင် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်အချို့သည် MNDAA၊ TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့်အတွက် နိုင်ငံတော်အနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှုမှ ရရှိငွေများနှင့် အခွန်အခများစွာ နစ်နာလျက်ရှိသည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကုန်စည်ကူးသန်းနေသည့်ကိစ္စက မရေရာ မသေချာသော ကုန်စည် ကူးသန်းသည့် လမ်းကြောင်းဖြစ်ပြီး ကုန်စျေးနှုန်းက ဘယ်တော့မှ ကျမည်မဟုတ်ကြောင်း ကျောက်မဲမြို့ဒေသခံ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိ အနေအထားက မကောင်းတော့ပါဘူး။ ဘာလို့လဲဆိုရင် ကျင်စန်းကျော့တို့၊ ဟိုဘာဂိတ်တို့၊ ညာဂိတ်တို့ ကနေပြီးတော့ ကုန်ကားတွေ ဝင်လို့ရတယ်၊ ကုန်တွေ သယ်လို့ရတယ်ဆိုတာ အခုလက်ရှိ အုပ်ချုပ်နေ တဲ့ ဒီဘက်က ဦးမင်းအောင်လှိုင်ရဲ့ စစ်ကောင်စီအစိုးရအဖွဲ့ လွှမ်းမိုးအုပ်ချုပ်နိုင်တဲ့ ဒေသမဟုတ်ဘူး။ ဟိုဘက်က ၁၀၂၇ မဟာမိတ်အဖွဲ့ပေါ့နော်၊ AA ပါ,ပါတယ်လေ။ အဲ့ဒီအဖွဲ့တွေက ဒီမူဆယ်တို့ ဘာတို့မှာ လာထိန်းထားတာပေါ့။ ထိန်းထားတဲ့အတွက် ကားတစ်စီး ဝင်လာရင် ဘယ်လောက်ဆိုတာ အခွန်ကောက်ပြီး သူက အညီအမျှ ခွဲယူနေကြ တာ။ အဲ့‌တော့ သူတို့ဘက်ကနေ ပြီးတော့ ကုန်တွေတင်လာပြီးတော့ သူတို့လွှမ်းမိုး အုပ်ချုပ်ထားတဲ့ နယ်မြေ အတွင်း ကနေပြီးတော့ ဖြတ်သန်းပြီးတော့ လာကြတာပေါ့။ လာတဲ့လမ်းတွေကလည်း အခုက ပိုများသွားတယ်။ လမ်းကောင်းတာ မကောင်းတာ ကွာတာပေါ့နော်။ အဲ့ဒီတော့ မူဆယ်ကနေပဲ ငါတို့ကျောက်မဲဆီကိုပဲ တောလမ်း ကနေ လာလို့ ရတယ်လေ။ မူဆယ်ကနေ လာရှိုး ပြည်ထောင်စုလမ်းမကြီး အတိုင်းလည်းပဲ ကျောက်မဲဆီ လာလို့ရ တယ်။ အဲ့ဒီတော့ သူတို့ရဲ့ ဧရိယာဖြစ်တဲ့ နေရာပေါ့နော်။ လားရှိုးမှာလည်းပဲ မြို့ပေါ် ၁၂ ရက်ကွက်ပဲ သူတို့ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုရှိတာ။ အဲ့ဒီ ၁၂ ရက်ကွက်နဲ့ ကပ်နေတဲ့နေရာနဲ့ ရွာတွေကျတော့ ကိုးကန့်က သိမ်းထားပြန်ရော မဖယ်ပေးဘူးလေ။ အဲ့ဒီတော့ အဲ့ဒီနေရာတွေကနေမှ လာနိုင်သလောက် လာနေကြတော့ သီပေါနယ်ထဲတို့၊ ကျောက်မဲနယ်ထဲတို့၊ တိုင်းရင်းသားနယ်ထဲတို့၊ နမ့်လန်နယ်ထဲတို့ ရောက်လာရင်တော့ သူတို့ဖမ်းတယ်။ အဲ့ဒါ ကြောင့်မို့ သူတို့ ကုန်စည်ကူးသန်းနေတဲ့ ကိစ္စက မရေရာ မသေချာတဲ့ ကုန်စည်ကူးသန်းတဲ့ လမ်းကြောင်းကြီး ဖြစ်ပြီးတော့ ကုန်စျေးနှုန်း ဘယ်တော့မှ ကျမှာမဟုတ်ဘူး”ဟု ပြောသည်။

လက်နက်ကိုင်များကို မူဆယ်-လားရှိုး-မန္တလေးပေါ်မှာ တွေ့ရစဉ်

လက်ရှိ အစိုးရသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မူဆယ်-လားရှိုး-မန္တလေး ကုန်သွယ်ရေး လမ်းကနေ ကုန်စည် ပို့ကုန်/သွင်းကုန် လိုင်စင်များ ချမပေးတော့ပဲ လတ်တလော ပိတ်ပင်ထားကြောင်း ရှမ်းပြည် နယ်မြောက်ပိုင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၅ နှစ်တာ ကာလဆိုတာထက်ကို ၁၀၂၇ ဆိုတာ ပြီးသွားတာနဲ့ကို ကုန်သွယ်မှုက တရားဝင် ကုန်သွယ်မှုက ရပ်တန့်သွားပြီလေ။ ကုန်စည်စီးဆင်းမှုက ဘယ်စနစ်လဲဆို တရားမဝင် လမ်းကြောင်းပဲ ရှိတော့တာပေါ့နော်။ သိရ သလောက်ကတော့ ဥပမာ-သိန်းထောင်ချီ ကုန်တယ်ပေါ့။ ဥပမာအားဖြင့် အခုချိန်ကြတော့ အဖွဲ့အစည်းတွေက စုံပြီလေနော်။ ဟိုနယ်မြေ စိုးမိုးရေးမှာ ဘယ်သူဟာ ဘယ်သူစိုးမိုးထား၊ ဘယ်သူက သာလွန်ရှိတယ်၊ အဲ့ဒီအဖွဲ့တွေ ကတော့ ဒါသူတို့ကို ဂိတ်ကြေးပုံစံ၊ အခွန်ပုံပေးပြီး ဖြတ်သန်းကြတာပေါ့။ အခုဟာ အစိုးရ တရားဝင် လိုင်စင်တွေ ပိတ်ထားပြီလေ။ အခုအစိုးရကတော့ လိုင်စင် မပေးတော့ဘူး။ တင်ပို့ခွင့်၊ တင်သွင်းခွင့် လိုင်စင်တွေ အဲ့ဒီဘက် လမ်းကြောင်းကို မပေးတော့ဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်က ကျင်းပပြီးစီးခဲ့ပြီး မတ်လ၌ လွှတ်တော်ခေါ်၍ ဧပြီလမှာ အစိုးရသစ် ဖွဲ့စည်းရန် ရှိနေသည်။

ထို့ကြောင့် အစိုးရသစ် ဖွဲ့စည်းပြီးပါက အစိုးရ-တပ်မတော်-လွှတ်တော် ပူးပေါင်း၍ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်လာနိုင်ရေး ကြိုးပမ်းလာနိုင်သည်ဟု နိုင်ငံရေးလေ့လာ စောင့်ကြည့်သူများက ထောက်ပြကြသည်။