CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀

ရှမ်းပြည်သားများ၊ ရှမ်းလူမျိုးများက အမိမြေရှမ်းပြည်ကို ကာကွယ်စောင့်ရှောက်ခြင်း မပြုပါက လူမျိုးခြားအပိုင် ဖြစ်သွားလိမ့်မည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြော သည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က ကျရောက်ခဲ့သော ၂၁၂၀ ပြည့်နှစ် ရှမ်းနှစ်သစ်ကူးနေ့သို့ ပေးပို့သော သဝဏ်လွှာ တွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က “ရှမ်းပြည်သူများ၊ ရှမ်းလူမျိုးများတို့က အမိမြေ ရှမ်းပြည်ကို ချစ်မြတ်နိုးခြင်း၊ ကာကွယ် စောင့်ရှောက်ခြင်းတို့ မပြုပါက မိမိတို့ရဲ့သားမေး စဉ်ဆက် လက်ထက်မှာ တိုင်းခြားပြည်ခြား လူမျိုးများက ရှမ်း ပြည်အတွင်း ဝင်ရောက်နေထိုင်ပြီး မိမိတို့ ပိုင်ဆိုင်တဲ့ နယ်မြေသည်လည်း လူမျိုးခြားတို့ရဲ့ အပိုင်ဖြစ်သွား ပါလိမ့် မယ်။ အဲဒီလို ဖြစ်သွားပါက ရှမ်းပြည်သားတို့ရဲ့ ဘဝဟာ နိမ့်ကျရုံတင်မကဘဲ မျက်နှာငယ်ပြီး အခြားနေရာ၊ အခြား တိုင်းပြည်ထံမှာ သွားရောက် ခိုလုံနေထိုင် လုပ်ကိုင်စားသောက်ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ထို့ကြောင့် မိမိတို့ သမိုင်းကို ချစ်ပါ၊ မိမိတို့ အမိမြေ တိုင်းပြည်ကို မြတ်နိုးပါ၊ မိမိတို့ အိမ်ယာပစ္စည်းဥစ္စာများ၊ လယ်ယာခြံမြေများကို ထိန်းသိမ်းခြင်းအားဖြင့် အမိမြေ ရှမ်းပြည်ကို ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ပေးကြပါဟု ၎င်းက တိုက်တွန်းခဲ့သည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က “ မည်သည့်အခါမှ မပြောင်းလဲနိုင် မရွှေ့ပြောင်းနိုင်တာက အမိတိုင်းပြည်ရဲ့ နယ်မြေပဲ ဖြစ်ပါတယ်။ မိမိတို့ ရှမ်းပြည်ဟာ ဘုရင်များ၊ စော်ဘွားများက ခေတ်အဆက်ဆက် အုပ်စိုးတဲ့ တိုင်းပြည်ဖြစ်ပါ တယ်။ ရှမ်းပြည်ဟာ ရှမ်းပြည်သား အားလုံးက ပိုင်ဆိုင်တဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ထို့ကြောင့် ရှမ်းပြည်သား အားလုံး အနေနဲ့ အနာဂတ်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ တိုင်းပြည်ဖြစ်ဖို့အတွက် အမိမြေ ရှမ်းပြည်ကို စုပေါင်း ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပနေစဉ်

ရှမ်းပြည်နယ်တွင် RCSS၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်- မိုင်းလား(NDAA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ “ဝ”ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်(UWSA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကချင်လွတ်လပ်ရေးတပ် မတော်(KIA)၊ အာရက္ခတပ်တော်(AA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ပြည်သူ့စစ်တပ်ဖွဲ့များ စသည့် လက်နက်ကိုင်များ လှုပ်ရှားလျက်ရှိသည်။

ထို့ကြောင့် လက်နက်ကိုင် အဖွဲ့အချင်းချင်းကြားလည်းကောင်း၊ လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မ‌တော် ကြား လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူများလည်း သိန်းနှင့်ချီရှိသည်။

အလားတူ ရှမ်းပြည်နယ်အတွင်းရှိ သံယဇာတများကိုလည်း လက်နက်ကိုင် အင်အားစုများနှင့် စီးပွားရေး လုပ်ငန်း ရှင်များ ပူးပေါင်း၍ တူးဖော်ရောင်းချလျက်ရှိသည်။