CNI International News
ခါတွန်၊ နိုဝင်ဘာ ၂၁
ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် အရန်စစ်တပ် (RSF) တို့ကြား ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို အဆုံးသတ်ရန် အာရုံစိုက် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု DW သတင်း၌ ဖော်ပြခဲ့သည်။
ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်ဆယ်လ်မန် (Mohammed bin Salman)က ၇ နှစ်အတွင်း ပထမဆုံး ဝါရှင်တန်ခရီးစဉ်တွင် ဆူဒန်ပဋိပက္ခကို ကြားဝင်ဖြေရှင်းပေးရန် ထရမ့်ကို တိုက်တွန်းခဲ့ပြီးနောက် ထရမ့်၏ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထရမ့်ကမူ သူသည် ဆော်ဒီအိမ်ရှေ့စံနှင့် စကားမပြောခင် အချိန်အထိ ၂၀၂၃ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် ဆူဒန်စစ်ပွဲသည် ၎င်း၏ အစီအစဉ်များထဲတွင် ပါဝင်ခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
“ဆော်ဒီအိမ်ရှေ့စံက ဆူဒန် အရေးနဲ့ပတ်သက်ပြီး ကျနော့်ကို အရမ်းဩဇာကြီးမားတဲ့ အရာတစ်ခုခု လုပ်ဆောင် စေချင်တဲ့ ဆန္ဒရှိနေပါတယ်”ဟု ထရမ့်က ဆယ်လ်မန်နှင့် ပြုလုပ်သည့် စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည်။

ဆူဒန်ပြည်သူများကို တွေ့ရစဉ်
ထရမ့်၏ ပြောကြားချက်ကို တုန့်ပြန်သည့် အနေဖြင့် ဆူဒန်စစ်တပ်အကြီးအကဲ အဗ္ဗဒယ် ဖာတာ အယ်ဘာဟန် (Abdel Fattah al-Burhan) ဦးဆောင်သည့် ဆူဒန်အချုပ်အခြာအာဏာပိုင်ကောင်စီက ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးရရန် အမေရိကန်၊ ဆော်ဒီတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ဖာတာ အယ်ဘာဟန်က ဆူဒန်ပြည်သူများ မျှော်လင့်နေသည့် ငြိမ်းချမ်းရေးကို ရရှိဖို့ အမေရိကန်၊ ဆော်ဒီတို့နှင့် အလေးအနက် ထိတွေ့ဆက်ဆံရန် အသင့်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထရမ့်သည် ဆယ်လ်မန်နှင့် မတွေ့ဆုံမီကလည်း ဆူဒန်စစ်ပွဲသည် ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်ရှိနေ ကြောင်း ပြောကြားခဲ့ဖူးသည်။
သို့သော် ဆူဒန်ပဋိပက္ခ အဆုံးသတ်ရေးသည် ထရမ့်၏ အစီအစဉ်များထဲတွင် ပါဝင်ခဲ့ပုံ မပေါ်သည့်တိုင် အမေရိကန် အစိုးရအဖွဲ့သည် ဆူဒန်၌ ငြိမ်းချမ်းရေး ရရှိစေမည့် နည်းလမ်းများကို ရှာဖွေရန် စီစဉ်ခဲ့သည်။
နိုဝင်ဘာ ၁၄ ရက်ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) သည် ဆူဒန် အပစ်အခတ်ရပ်စဲရေးကို ထောက်ခံပေးရန် ယူအေအီး နိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းခဲ့သည်။
ဆူဒန်တွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် သေဆုံးသူ ၄၀,၀၀၀ ကျော်အထိ ရှိလာခဲ့ပြီး လူ ၁၄ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။
Source: DW
