CNI International News
ကိုင်ရို၊ မေလ ၂၇
ယူအေအီးနိုင်ငံသည် ကိုလံဘီယာ ကြေးစားစစ်သားများကို လေ့ကျင့် သင်တန်းပေးခဲ့ပြီးနောက် ထိုကြေးစား စစ်သားများကို ဆူဒန်စစ်ပွဲအတွင်း နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဆူဒန်အကူလက်ရုံးတပ်ဖွဲ့(RSF)နှင့်အတူ ပူးပေါင်းတိုက်ခိုက်ရန် စေလွှတ်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)က မေလ ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဆူဒန်စစ်ပွဲအတွင်း စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှု အစရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် RSF ကို ယခုကဲ့သို့ ချမ်းသာ ကြွယ်ဝသော ပင်လယ်ကွေ့ ဘုရင့်နိုင်ငံဖြစ်သော ယူအေအီးက ငွေကြေးနှင့် စစ်ရေးအရ ကူညီပံ့ပိုးပေးနေကြောင်း HRW ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
HRW ၏ စွပ်စွဲချက်များနှင့်ပတ်သက်ပြီး အေပီသတင်းဌာန၏ မေးမြန်းမှုများကို ယူအေအီးနိုင်ငံက ဖြေကြားခဲ့ခြင်း မရှိပေ။

ဆူဒန်စစ်ပွဲအတွင်းမှာ ကိုလံဘီယာကြေးစားစစ်သား တစ်ဦးကို တွေ့ရစဉ်
“ကိုလံဘီယာ ကြေးစားစစ်သားတွေကို စုဆောင်းတာဟာ ဆူဒန်နိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေကို ထပ်တလဲလဲ ကျူးလွန်ခဲ့တဲ့ RSF တပ်ဖွဲ့ကို ယူအေအီးက စစ်ရေးအရ ပံ့ပိုးကူညီပေးနေတယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေ အထောက်အထားတွေကို ပိုပြီး များပြားလာစေခဲ့ပါတယ်”ဟု HRW ၏ အာဖရိကဌာနခွဲ အမှုဆောင် ဒါရိုက်တာ မာအူစီ ဆေဂွန် (Mausi Segun) က ပြောကြားခဲ့သည်။
ဆူဒန်တွင် စစ်တပ်နှင့် RSF ကြား အာဏာလွန်ဆွဲမှုများမှတဆင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် မြို့တော် ခါတွမ် (Khartoum) နှင့် အခြားနေရာ ဒေသများတွင် တိုက်ပွဲများစတင်ခဲ့ကာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
RSF အဖွဲ့သည် ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလများက ဆူဒန်နိုင်ငံအနောက်ပိုင်း ဒါဖာ (Darfur) ဒေသတွင် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် အာရပ် ဂျန်ဂျာဝိဒ် (Janjaweed) ပြည်သူ့စစ် အုပ်စုများမှတဆင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ဆူဒန်နိုင်ငံအတွင်းကို တွေ့ရစဉ်
HRW ၏ အစီရင်ခံစာ အသစ်တွင် ရာနှင့်ချီသည့် ကိုလံဘီယာ ကြေးစားစစ်သားများသည် ယူအေအီး၏ မြို့တော် အဘူဒါဘီ (Abu Dhabi) အနောက်ဘက် ၂၅၀ ကီလိုမီတာ (၁၅၅ မိုင်) ခန့်အကွာရှိ အယ်လ်ဒါဖရာ (Al Dhafra) ဒေသတွင်း စစ်အခြေစိုက် စခန်းတစ်ခုနှင့် အဘူဒါဘီရှိ အခြားသော အဆောက်အအုံ တစ်ခုတွင် ယူအေအီး နိုင်ငံ သားများ၏ စစ်သင်တန်းပေးမှုကို ခံယူခဲ့ကြပြီးနောက် RSF အဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ရန် ဆူဒန်နိုင်ငံသို့ စေလွှတ်ခြင်းခံခဲ့ရကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက တောင်ပိုင်း ဒါဖာ (South Darfur) ပြည်နယ်၏ ညာလာ (Nyala) မြို့တော် အနီး ဝန်းကျင်ရှိ စစ်စခန်းများတွင် RSF အဖွဲ့ဝင်သစ်များကို လေ့ကျင့် သင်တန်းပေးခဲ့ရကြောင်း အမည်မဖော်လိုသည့် ကိုလံဘီယာ ကြေးစားစစ်သားတစ်ဦး၏ ပြောကြားချက်ကို HRW က ကိုးကားဖော်ပြခဲ့သည်။
RSF တပ်မှူး ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒါဂလို (Mohammed Hamdan Dagalo) ကလည်း ကိုလံဘီယာ ကြေးစားစစ်သားများသည် RSF အဖွဲ့အား ဒရုန်းများ မောင်းနှင်ကိုင်တွယ်နိုင်ရန် ကူညီပေးခဲ့ကြောင်း ဖေဖော်ဝါရီလ အတွင်းက ထွက်ရှိခဲ့သည့် ဗွီဒီယိုဖိုင်များထဲတွင် ပြောကြားခဲ့သည်။
Source: အေပီ
