CNI International News

ခါတွန်၊ ဇူလိုင် ၂၈

ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် စစ်ပွဲဖြစ်ပွားနေသည့် အရန်စစ်တပ်(RSF) ဦးဆောင်သည့် ညွှန့်ပေါင်းအဖွဲ့က စင်ပြိုင်အစိုးရ ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင် ၂၆ ရက်တွင် ကြေညာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုအစိုးရအဖွဲ့တွင် RSF ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒါဂလို (Mohamed Hamdan Dagalo) ကို သမ္မတဆိုင်ရာကောင်စီ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။

ထို့နောက် ဆူဒန်၏ အင်အားအကြီးဆုံး သူပုန်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည့် SPLM-N ခေါင်းဆောင် အဗ္ဗဒယ် အဇစစ် အယ်ဟီလူ (Abdel Aziz al-Hilu) ကို ဒုတိယအကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။

အဖွဲ့ဝင် ၁၅ ဦး ပါဝင်သည့် ထိုကောင်စီတွင် အရပ်ဖက် နိုင်ငံရေးသမား မိုဟာမက် ဟက်ဆန် အယ်တာအီရှီ (Mohamed Hassan al-Taishi) ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း RSF တပ်ဖွဲ့များ  ထိန်းချုပ်ထားသည့် ဒါဖာ (Darfur) ဒေသ၏ အကြီးဆုံးမြို့ဖြစ်သည့် ညာလာ (Nyala) မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။

ဆူဒန်စစ်ပွဲ အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ် ဖာတာ အယ်ဘာဟန်နဲ့ ဆူဒန်စစ်ပွဲကို ဖော်ပြထားစဉ်။

ဆူဒန်စစ်တပ်သည် နိုင်ငံ၏ အလယ်ပိုင်းတွင် တပ်စွဲထားသည့် RSF တပ်ဖွဲ့များကို တိုက်ခိုက်မောင်းထုတ်နေပြီး နိုင်ငံအနောက်အလယ်ပိုင်းရှိ ကော်ဒိုဖန် (Kordofan) ဒေသနှင့် ဒါဖာ၏ မြို့တော် (al-Fashir) တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

ဖေဖော်ဝါရီလက RSF နှင့် ၎င်း၏ မဟာမိတ် နိုင်ငံရေးသမားများ၊ သူပုန်အဖွဲ့များသည် ဆူဒန်နိုင်ငံကို နယူးဆူဒန် (New Sudan) အမည်ဖြင့် ထူထောင်ရန်အတွက် အစိုးရအဖွဲ့ ဖွဲ့စည်းရန် သဘောတူညီခဲ့သည်။

၎င်းတို့က စစ်တပ်ဦးဆောင်ထားသည့် ဆူဒန်အစိုးရ၏ တရားဝင်မှုကို စိန်ခေါ်ရန် ရည်ရွယ်ထားပြီး ပြည်ပမှ လက်နက်များ တရားဝင် ဝယ်ယူခွင့်ရရှိရန် ကြိုးပမ်းခဲ့သည်။

ဆူဒန်စစ်တပ်မှ ဦးဆောင်ထားသည့် အစိုးရအဖွဲ့သည် ဇူလိုင် ၂၆ ရက်က စစ်တပ်၏ ထိန်းချုပ်မှုအောက်ရှိ ဒေသများအတွက် အုပ်ချုပ်ရေးမှူးများ ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

ဆူဒန်စစ်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ် ဖာတာ အယ်ဘာဟန် (General Abdel Fattah al-Burhan) သည် စင်ပြိုင်အစိုးရဖွဲ့စည်းခဲ့သည့် RSF ကို ရှုတ်ချခဲ့ပြီး ဆူဒန်တစ်နိုင်ငံလုံးကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဆက်လက် တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။

RSF အကြီးအကဲ ဒါဂလိုသည် ပြည်သူ့စစ် ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ပြီး ဆူဒန်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များ ထဲတွင် တစ်ဦး အပါအဝင်ဖြစ်ကာ ဟမ်မက်တီ (Hemedti) ဆိုသည့် အမည်ဖြင့်လည်း လူသိများသည်။

အမေရိကန်ကမူ ဒါဂလိုကို ယခုနှစ် အစောပိုင်းက လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် စွပ်စွဲပြီး ပိတ်ဆို့မှုများ ချမှတ်ခဲ့ သည်။

Source: ရိုက်တာ