CNI International News

ခါတွန်၊ အောက်တိုဘာ ၁၁

ဆူဒန်နိုင်ငံ၏ အရန်တပ်ဖွဲ့ Rapid Support Forces (RSF) ခေါင်းဆောင်ဖြစ်သည့်  မိုဟာမက် ဟမ်ဒန် ဒါဂလို(Mohamed Hamdan Dagalo)က ၎င်း၏တပ်ဖွဲ့ဝင်များကို လေကြောင်း တိုက်ခိုက်မှုများတွင် အီဂျစ်လည်း ပါဝင်ပတ်သက်မှုရှိကြောင်း အောက်တိုဘာ ၉ ရက်က အသံသွင်းထားသည့် မိန့်ခွန်း၌ စွပ်စွဲပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဒါဂလိုက ၎င်းတို့နှင့် ၁၈ လနီးပါးကြာ စစ်မက်ဖြစ်ပွားနေသော ဆူဒန်အစိုးရကို အီဂျစ်အစိုးရက စစ်သင်တန်း လေ့ကျင့် သင်ကြားပေးခြင်းနှင့် ဒရုန်းများ ထောက်ပံ့ပေးခြင်းတို့ ပြုလုပ်နေကြောင်း စွပ်စွဲပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက နောက်ပိုင်းတွင် ဆူဒန်၌ လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲမှာ အီဂျစ်လေတပ် ပါဝင်ပတ်သက်နေသည့် ကိစ္စနှင့်သက်ဆိုင်သော  ဒါဂလို၏ စွပ်စွဲချက်များကို ငြင်းဆန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ သည်။

"အီဂျစ်အနေနဲ့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။ RSF ပြည်သူ့စစ်ခေါင်းဆောင် ပြောတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှန်တရားကို သက်သေပြဖို့ ခိုင်လုံတဲ့ အထောက်အထားကို ဖော်ထုတ်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုပါတယ်"ဟု အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံပြောကြားခဲ့သည်။

အီဂျစ်သည် ဆူဒန်စစ်တပ်နှင့် ၎င်း၏အကြီးအကဲ အဗ္ဗဒယ်ဖာတာအယ်ဘာဟန်(Abdel Fattah al-Burhan)နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသော်လည်း အီဂျစ်သည် ပဋိပက္ခကို ကြားဝင်ဖြန်ဖြေရန်အတွက် အမေရိကန်နှင့် ဆော်ဒီတို့၏ ကြိုးပမ်းဆောင်ရွက်ချက်များတွင် အတူပူးပေါင်းပါဝင်ခဲ့သည်။

အီဂျစ်အစိုးရသည် ယခုနှစ်အစောပိုင်းက ပြိုင်ဘက် အဖွဲ့အစည်းနှစ်ခုကြား ဆွေးနွေးပွဲများကိုလည်း ပြုလုပ်ပေးခဲ့သည်။

ဒါဂလို၏ အသံသွင်းထားတဲ့ ဗွီဒီယို သတင်းစကားတွင် အီဂျစ်သည် ၎င်း၏ လေကြောင်း တိုက်ခိုက်မှုများ၌ အမေရိကန်ဗုံးများကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

"အမေရိကန်အနေနဲ့ ဒီသဘောတူညီချက်ထဲမှာ မပါဝင်ဘူးဆိုရင် ဒီဗုံးတွေကလည်း ဆူဒန်ကို ရောက်လာမှာ မဟုတ်ပါဘူး"ဟု ၎င်းက ဆူဒန်နိုင်ငံတွင်းရှိ တီဂရေး(Tigrayan)၊ အီရစ်ထရီးယား(Eritrean)၊ အဇာဘိုင်ဂျန် (Azerbaijani )နှင့် ယူကရိန်း(Ukrainian )ကြေးစားစစ်သည်များ တည်ရှိမှုကို ရည်ညွှန်းပြောကြားထားခြင်း ဖြစ်ကာ အီရန်တို့သည်လည်း စစ်ပွဲတွင် ဆူဒန်စစ်တပ်ဘက်မှာ ပါဝင်ကြောင်း စွပ်စွဲချက်ကိုလည်း  ဒါဂလိုက ထပ်တလဲလဲ ပြောကြားခဲ့သည်။

ဆူဒန်စစ်တပ်သည် လတ်တလော ကာလအတွင်း မြို့တော်ခါတွန် (Khartoum) နှင့် အရှေ့တောင်ပိုင်း ဆန်နာ (Sennar) ပြည်နယ်တို့တွင် ချီတက်ထိုးစစ်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလက စတင်ဖြစ်ပွားသော ဆူဒန်စစ်ပွဲကြောင့် လူ ၁၀ သန်းနီးပါးသည် နေအိမ်များမှ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး အငတ်ဘေး ကျယ်ကျယ်ပြန့်ပြန့် ကျရောက်ခဲ့ကာ လူမျိုးရေးအရ တွန်းအားပေးသော အကြမ်းဖက်မှု လှိုင်းများနှင့်ပတ်သက်ပြီး RSF ကို ဝေဖန်ပြစ်တင်ခဲ့သည်။

Source: ရိုက်တာ