CNI International News

ခါတွန်၊ ဇန်နဝါရီ ၃

ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် တိုက်ခိုက်နေသည့် အရန်လက်ရုံးတပ်(RSF) ခေါင်းဆောင် မိုဟာမက် ဟမ်ဒန် ဟမ်မက်တီ ဒါဂလို (Mohamed Hamdan Hemedti Dagalo) သည် ဆူဒန်နိုင်ငံကို အုပ်ချုပ်လိုသည့် ၎င်း၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသခဲ့သည်ဟု အယ်လ်ဂျားဇီးယားမှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ် ဧပြီလက ဆူဒန်စစ်တပ်နှင့် အရန်တပ်အကြား ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ချိန်က ဒါဂလိုသည် ပြည်သူ့မြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။ 

ထို့ကြောင့် သူသည် တိုက်ပွဲများအတွင်း ဒဏ်ရာရသွားခြင်း သို့မဟုတ် သေဆုံးသွားခြင်း ဖြစ်နိုင်သည်ဟု ထင်ကြေး ပေးမှုများ ထွက်ပေါ်လာခဲ့သည်။

သို့သော် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်က ဒါဂလိုသည် ယူဂန်ဒါသမ္မတ ယိုဝါရီ မူဆဗန်နီ (Yoweri Museveni) နှင့် အတူရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံ ထွက်ပေါ်လာခဲ့သည်။

ဆူဒန်စစ်တပ်ခေါင်းဆောင်နဲ့ RSF RSF တပ်ဖွဲ့ခေါင်းဆောင် ဒါဂလိုကို တွေ့ရစဉ်

ထို့နောက် ဒီဇင်ဘာ ၂၈ ရက်တွင် ဒါဂလိုသည် အီသီယိုပီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြီး အီသီယိုပီးယားဝန်ကြီးချုပ် အဘီ အာမက် (Abiy Ahmed) နှင့် တွေ့ဆုံခဲ့ကာ ဆူဒန်ပဋိပက္ခကို အဆုံးသတ်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် သူသည် ဂါနာနှင့် ဂျဘူတီနိုင်ငံများသို့လည်း သွားရောက်ခဲ့သည်။ ဒါဂလို၏ ထိုခရီးစဉ်များသည် ဆူဒန် တစ်နိုင်ငံလုံးကို စစ်တပ်၏ လက်ထဲမှ သိမ်းပိုက်နိုင်ရေးအတွက် ဒေသတွင်းနိုင်ငံများ၏ ထောက်ခံမှုများကို ရရှိရန် ကြိုးပမ်းခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆထားသည်။

ပြီးခဲ့သည့်လက RSF သည် ဆူဒန်၏ စားနပ်ရိက္ခာများ ထုတ်လုပ်ပေးနေသည့် ဂီဇီရာ (Gezira) ပြည်နယ်ကို သိမ်းပိုက်ခဲ့သဖြင့် ထိုပြည်နယ်ကို ရရှိခဲ့ခြင်းသည် စစ်တပ်ကို အသားစီးရခဲ့ခြင်းလည်း ဖြစ်သည်။

 အရန်လက်ရုံးတပ်ဖွဲ့(RSF)ကို တွေ့ရစဉ်

သို့သော် ပဋိပက္ခကို အဆုံးသတ်ရန် ဆွေးနွေးညှိနှိုင်းမှုများတွင် စစ်ရေးအရ အသာစီးရနေသည့် အခြေအနေထက် ဒါဂလိုသည် ဆူဒန်တစ်နိုင်ငံလုံးအား အုပ်ချုပ်ရန် ရည်မှန်းထားပုံပေါ်ကြောင်း ဆူဒန်ဂျာနယ်လစ်များနှင့် သံတမန် များက ပြောကြားခဲ့သည်။

RSF သည် နိုင်ငံကို အုပ်ချုပ်နေသည့် တပ်ဖွဲ့ဖြစ်သည်ဆိုသည့် ခံစားချက်ကို ပြည်သူများ ခံစားမိစေရန် ဒါဂလိုက အသည်းအသန် ကြိုးပမ်းနေခြင်းကြောင့် ဒေသတွင်းနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံလိုခြင်း ဖြစ်သည်ဟု ဆူဒန်ကျွမ်းကျင်ပညာရှင်အဖွဲ့ Confluence Advisory မှ ကျွမ်းကျင်သူ ခိုလွတ် ခါအီယာ (Kholood Khair) က ပြောကြားခဲ့သည်။

"ဒါဂလိုဟာ သူ့ကိုယ်သူ ခေါင်းဆောင်ဖြစ်ရမယ်ဆိုတဲ့ အတွေးအမြင်နဲ့အတူ တတ်အားသရွေ့ ကြိုးပမ်း လုပ်ဆောင် သွားပါလိမ့်မယ်" ဟု ခါအီယာက အယ်လ်ဂျာဇီးယားသတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား