CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA-ကိုးကန့်တပ်ဖွဲ့)၏ စစ်ဦးစီးချုပ် ဦးဖုန်တာရွန်း သည် ဇန်နဝါရီ ၁ ရက်နေ့က ၂၀၂၄ နှစ်သစ်ကူး သဝဏ်လွှာ တစ်စောင် ထုတ်ပြန်၍ MNDAA တပ်ဖွဲ့များကို ရည်မှန်းချက်ပန်းတိုင်များ ချပြသွားခဲ့သည်။

ဦးဖုန်တာရွန်းသည် အွန်လိုင်းလောင်းကစားကို နှိမ်နှင်းနိုင်ရေး၊ အထူးဒေသ(၁) ပြန်လည် တည်ဆောက်နိုင်ရေး၊ တပ်မတော် စခန်းများကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့မှု အခြေအနေများ၊ အထူးဒေသ(၁)ကို ပြန်လည် တည် ဆောက်နိုင်သည့်အခါ မည်ကဲ့သို့ အုပ်ချုပ်မည်ဆိုသော အခြေအနေများကို ပြောကြားသွားခဲ့သည်။

သို့သော် အားလုံးက ထူထောင်လိုသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ NUCC က ချမှတ်ထားသော ဖက်ဒရယ်ပဋိညာဉ်၊ NUG အပေါ်သဘောထားနှင့် မည်ကဲ့သို့ လက်တွဲလုပ်ဆောင်နေသလဲ၊ နွေဦးတော်လှန်ရေး အခြေအနေ စသည့် အရေးကိစ္စများနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောကြားသွားခြင်း မရှိသေးကို တွေ့ရသည်။

MNDAA တပ်ဖွဲ့များကို တွေ့ရစဉ်

ဦးဖုန်တာရွန်းက “ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ(၁)၏ အာဏာပြန်လည် ရရှိရေးသည် မိမိတို့ အမျိုးသား ရေး လုပ်ငန်းစဉ်၏ ပထမခြေလှမ်းများသာဖြစ်သည်။ မိမိတို့အနေဖြင့် အထူးဒေသ(၁)ကို ပြန်လည် ထူထောင်ရန် အတွက် ပါတီ၊ အုပ်ချုပ်ရေးကော်မတီနှင့် တပ်မတော် တည်ဆောက်ရေးစနစ်၊ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်နှင့် ကေဒါသင်တန်းများကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် စစ်ပွဲအပြီး ကိုးကန့်ဒေသ ပြန်လည် ကောင်းမွန်လာ စေရန်အတွက် ရဲဘော်တို့အနေဖြင့် ရှေးတော်လှန်ရေးသမား၊ လူကြီးတို့၏ ချွေတာတတ် သော အစဉ်အလာ၊ လုပ်ပုံကိုင်ပုံ၊ အမွေများကို ဆက်ခံပြီး မိမိဒေသ တည်ဆောက်ရေးအပေါ်ကို အစွမ်းကုန် အပင်ပန်းခံ ကြိုးစားအား ထုတ်သော လုပ်ဟန်ဖြင့် အထူးဒေသ(၁) အခြေခံဥပဒေကို အခြေခံပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ပြည်သူလူထု နှင့်တကွ ကြိုးပမ်း အားထုတ်ကြရမည်”ဟု ပြောသည်။

ထို့နောက် ကိုးကန့်၏ အနာဂတ်မည်မျှပင် ခက်ခဲစေကာမူ အထူးဒေသအုပ်ချုပ်ရေးကော်မတီ အနေဖြင့် အွန်လိုင်း လောင်းကစားနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု၊ မူးယစ်ဆေးဝါးလုပ်ငန်းများ ပြန်လည် ရှင်သန်လာ ခြင်းမျိုးကို လုံးဝ ခွင့်ပြုမည်မဟုတ်ကြောင်း၊ ပြည်သူလူထုများလည်း ဖိနှိပ်မှုများကို မခံစေရကြောင်း၊ ကိုးကန့် ရုပ်သေးအဖွဲ့ အုပ်ချုပ်စဉ်အတွင်း အကျင့်ပျက် ခြစားမှုများနှင့်အကျင့်ဆိုးများ အားလုံးကို လုံးလုံးလျားလျား ပပျောက်စေမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

NUG ရဲ့ PDF တပ်ဖွဲ့၀င်များကိုတွေ့ရစဉ်

ဦးဖုန်တာရွန်းက “ ကျနော့်အနေဖြင့် အထူးဒေသ(၁) အတွင်းရှိ စစ်သားများနဲ့ အရပ်သားအားလုံးကို တာဝန်ရှိ စွာဖြင့် ပြောပြနိုင်သည်မှာ MNTJP ပါတီ၊ MNDAA တပ်မတော်နဲ့ အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီတို့ အနေဖြင့် ဒေသအတွင်းရှိ ပြည်သူလူထုများအတွက် ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသော အထူးဒေသ(၁) တစ်ခုကို တည်ဆောက်ပေးရန် ကတိပြုပါသည်။ လက်ရှိအချိန်သည် အထူးဒေသ(၁) ပြန်လည်ထူထောင်ရေး အတွက် အရေးကြီးသော အချိန်ကာလဖြစ်သည့်အတွက်ကြောင့် တပ်ဖွဲ့ဝင်တို့ အားလုံးအနေဖြင့် နောက်ဆုံး အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဆိုပါက နောက်ဆုံးအောင်မြင်မှုဟာ မိမိတို့အထူးဒေသ(၁) ၏ ပြည်သူလူထုလက်ထဲသို့ ပြန်လည်ရောက်ရှိလာမည်ဟု အပြည့်အဝ ယုံကြည်ပါသည်”ဟု ပြောသည်။

ဦးဖုန်တာရွန်း၏ ၂၀၂၄ ခုနှစ် နှစ်သစ်ကူး သဝဏ်လွှာတွင် ဖက်ဒရယ်ပဋိညာဉ်နှင့် NUG တို့အကြောင်းကို တစ်စုံ တစ်ရာ ထုတ်ဖော် ပြောကြားသွားခြင်း မရှိသည်မှာ ထူးဆန်းကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးသည် ကိုးကန့်တပ်ဖွဲ့၏ အထူးဒေသ(၁) ပြန်လည် ရရှိရေးအဓိက ရည်မှန်းချက်ဖြစ်ပြီး NUG ၏ နွေဦးတော်လှန်ရေးနှင့် မပတ်သက် ကြောင်း ထင်ရှားသွားခဲ့ပြီဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။