CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂

လက်ရှိအချိန်သည် အထူးဒေသ(၁) ပြန်လည်ထူထောင်ရေးအတွက် အရေးကြီးသော အချိန်ကာလဖြစ်သည်ဟု မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသောအမျိုးသားပါတီ/မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNTJP/MNDAA) ဥက္ကဋ္ဌ ဦးဖုန်တာရွန်းက ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူး သဝဏ်လွှာမှာ ပြောကြားထား သည်။

ဦးဖုန်တာရွန်းသည် MNTJP တွင် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ်လည်းကောင်း၊ MNDAA တွင် စစ်ဦးစီး ချုပ်အဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌအဖြစ်လည်းကောင်း အသီးသီး တာဝန်ယူထားသည်။

ဦးဖုန်တာရွန်းက “ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ(၁)၏ အာဏာပြန်လည် ရရှိရေးသည် မိမိတို့ အမျိုးသားရေး လုပ်ငန်းစဉ်၏ ပထမခြေလှမ်းများသာဖြစ်သည်။ မိမိတို့အနေဖြင့် အထူးဒေသ(၁)ကို ပြန်လည် ထူထောင်ရန်အတွက် ပါတီ၊ အုပ်ချုပ်ရေးကော်မတီနှင့် တပ်မတော် တည်ဆောက်ရေးစနစ်၊ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်နှင့် ကေဒါသင်တန်းများကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် စစ်ပွဲအပြီး ကိုးကန့်ဒေသ ပြန် လည် ကောင်းမွန်လာစေရန်အတွက် ရဲဘော်တို့အနေဖြင့် ရှေးတော်လှန်ရေးသမား၊ လူကြီးတို့၏ ချွေတာတတ် သော အစဉ်အလာ၊ လုပ်ပုံကိုင်ပုံ၊ အမွေများကို ဆက်ခံပြီး မိမိဒေသ တည်ဆောက်ရေးအပေါ်ကို အစွမ်းကုန် အပင်ပန်းခံ ကြိုးစားအားထုတ်သော လုပ်ဟန်ဖြင့် အထူးဒေသ(၁) အခြေခံဥပဒေကို အခြေခံပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ပြည်သူလူထုနှင့်တကွ ကြိုးပမ်း အားထုတ်ကြရမည်”ဟု ပြောသည်။

ထို့နောက် ကိုးကန့်၏ အနာဂတ်မည်မျှပင် ခက်ခဲစေကာမူ အထူးဒေသအုပ်ချုပ်ရေးကော်မတီ အနေဖြင့် အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်ငွေကြေးလိမ်လည်မှု၊ မူးယစ်ဆေးဝါးလုပ်ငန်းများ ပြန်လည် ရှင်သန်လာ ခြင်းမျိုးကို လုံးဝ ခွင့်ပြုမည်မဟုတ်ကြောင်း၊ ပြည်သူလူထုများလည်း ဖိနှိပ်မှုများကို မခံစေရကြောင်း၊ ကိုးကန့် ရုပ်သေးအဖွဲ့ အုပ်ချုပ်စဉ်အတွင်း အကျင့်ပျက် ခြစားမှုများနှင့်အကျင့်ဆိုးများ အားလုံးကို လုံးလုံးလျားလျား ပ ပျောက်စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်

ဦးဖုန်တာရွန်းက “ ကျနော့်အနေဖြင့် အထူးဒေသ(၁) အတွင်းရှိ စစ်သားများနဲ့ အရပ်သားအားလုံးကို တာဝန်ရှိ စွာဖြင့် ပြောပြနိုင်သည်မှာ MNTJP ပါတီ၊ MNDAA တပ်မတော်နဲ့ အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီတို့ အနေဖြင့် ဒေသအတွင်းရှိ ပြည်သူလူထုများအတွက် ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသော အထူးဒေသ(၁) တစ်ခုကို တည်ဆောက်ပေးရန် ကတိပြုပါသည်။ လက်ရှိအချိန်သည် အထူးဒေသ(၁) ပြန်လည်ထူထောင်ရေး အတွက် အရေးကြီးသော အချိန်ကာလဖြစ်သည့်အတွက်ကြောင့် တပ်ဖွဲ့ဝင်တို့ အားလုံးအနေဖြင့် နောက်ဆုံး အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဆိုပါက နောက်ဆုံးအောင်မြင်မှုဟာ မိမိတို့အထူးဒေသ(၁) ၏ ပြည်သူလူထုလက်ထဲသို့ ပြန်လည်ရောက်ရှိလာမည်ဟု အပြည့်အဝ ယုံကြည်ပါသည်”ဟု ပြောသည်။

ဦးဖုန်တာရွန်း၏ ၂၀၂၄ ခုနှစ် နှစ်သစ်ကူး သဝဏ်လွှာတွင် ဖက်ဒရယ်ပဋိညာဉ်နှင့် NUG တို့အကြောင်းကို တစ်စုံတစ်ရာ ထုတ်ဖော် ပြောကြားသွားခြင်းမရှိသည်မှာ ထူးဆန်းကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးသည် ကိုးကန့် တပ်ဖွဲ့၏ အထူးဒေသ(၁) ပြန်လည် ရရှိရေးအဓိက ရည်မှန်းချက်ဖြစ်ပြီး NUG ၏ နွေဦးတော်လှန်ရေးနှင့် မပတ် သက်ကြောင်း ထင်ရှားသွားခဲ့ပြီဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ဦးဖုန်တာရွန်းသည် အထူးဒေသ(၁)ကို ပြန်လည်တည်ဆောက်မည်ဟု ပြောသည့်တိုင် မည်သည့် ဒေသများကို စုစည်း၍ ရှမ်းပြည်နယ်အထူးဒေသ(၁)အား ပြန်လည်တည်ဆောက်မည်ကိုတော့ ထုတ်ဖော် ပြောကြားသွားခဲ့ ခြင်းမတွေ့ရပေ။

၁၉၈၉ ခုနှစ်က ဦးဖုန်တာရွန်း၏ ဖခင်ဖြစ်သူ ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့သည် နအဖနှင့် ငြိမ်းချမ်းရေးယူခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်အတွင်းက လောက်ကုန်နှင့် ကုန်ကြမ်းဒေသကို အထူးဒေသ(၁) အဖြစ် သတ်မှတ်ပေးခဲ့၍ ကိုးကန့်တပ်ဖွဲ့အား အုပ်ချုပ်ခွင့်ပေးခဲ့သည်။

MNDAA သိမ်းပိုက်ထားတဲ့ မြို့တစ်မြို့မှာ MNDAA ရဲ့အလံလွှင့်ထူထားစဉ်

ထို့နောက် ၂၀၀၉ ခုနှစ်တွင် တပ်မတော်ဘက်က ကိုးကန့်တပ်ဖွဲ့အား ပြည်သူ့စစ် သို့မဟုတ် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲရန် ဖိအားပေးခဲ့ရာကနေ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီး ဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့မှာ အထူးဒေသ(၁)နယ်မြေကနေ ထွက်ခွာသွားခဲ့ရသည်။

ထိုသို့ ထွက်ခွာခဲ့ရသော အထူးဒေသ(၁)ကို ပြန်လည် ရရှိရေးအတွက် ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်၍ မြို့သိမ်းနှင့် တပ်မတော်စခန်းများ သိမ်းပိုက်ရေး ဆင်နွှဲလျက်ရှိနေသည်။

ထို့နောက် MNDAA (ကိုးကန့်တပ်ဖွဲ့)သည် ကုန်းကြမ်း၊ ဖောင်းဆိုင်၊ ချင်းရွှေဟော်၊ မုံးကိုး၊ သိန္နီ တို့ကို သိမ်း ပိုက်ထားပြီး ကွတ်ခိုင်နှင့် လောက်ကိုင်မြို့များကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသည်။

လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆(င)တွင် ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင် မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားသည်။