CNI International News

ခါတွန်၊ ဇွန်လ ၁၀

ဇွန်လ ၁၀ ရက်နေ့ အစောပိုင်းမှ စတင်ကာ ၂၄ နာရီကြာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ဆူဒန်ရှိ စစ်ဖြစ် နေသော အဖွဲ့အစည်းများက သဘောတူခဲ့သည်ဟု ကြားဝင်စေ့စပ်သူများဖြစ်သော ဆော်ဒီနှင့် အမေရိကန်တို့က သဘောတူခဲ့သည်ဟု အယ်ဂျာဇီးလ်ယား သတင်းတွင် ဖော်ပြထားသည်။ 

အပစ်အခတ်ရပ်စဲရေးသည် ဒေသစံတော်ချိန် မနက် ၆ နာရီတွင် စတင်မည်ဟု ဆော်ဒီနိုင်ငံရေးခြားဝန်ကြီးဌာနက တွစ်တာ၌ ဇွန်လ ၉ ရက်က ရေးသားထားသည်။

ထိုသဘောတူညီချက်သည် ဆူဒန်စစ်တပ်နှင့် RSF လက်နက်ကိုင် အဖွဲ့များအကြား သီတင်းပတ်များစွာကြာ တိုက်ပွဲများကို အဆုံးသတ်ရေး နောက်ဆုံး ကြိုးပမ်းမှုလည်း ဖြစ်သည်။

ဆော်ဒီနဲ့အမေရိကန် စေ့စပ်ပေးမှုနဲ့ ဆူဒန်အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးနေစဉ်

ယခင်ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေးများ ကျိုးပျက်ခဲ့ပြီးနောက် နှစ်ဖက်စလုံးက ၂၄ နာရီအတွင်း စစ်ရေးအရ အသာရရှိအောင် ကြိုးပမ်းခြင်း၊ လှုပ်ရှားမှုများ၊ တိုက်ခိုက်မှုများ၊ လေယာဉ် သို့မဟုတ် ဒရုန်းများ သုံးခြင်း၊ လေ ကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း၊ အမြောက်ဖြင့် ပစ်ခတ်ခြင်းတို့အပြင် တပ်အင်အား ဖြည့်တင်းခြင်း တို့ ကိုပါ ရပ်တန့်သွားရန် သဘောတူခဲ့သည်ဟု ဆော်ဒီနိုင်ငံရေးခြားဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ပါဝင်သည်။

ထို ၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်းလုံးသို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ဖြန့်ဝေရန်၊ နှောင့်ယှက်မှု မလုပ်ဆောင်ရန်လည်း သဘောတူခဲ့သည်ဟု ယင်းက ဆိုသည်။

ယခုတစ်ကြိမ် အပစ်အခတ် ရပ်စဲရေးသည် ကြီးမားသော လူသားချင်း စာနာမှုဆိုင်ရာ ပဋိပက္ခကို ဖြစ်စေသည့် ဆိုးရွားသော တိုက်ခိုက်မှုများကို ရပ်တန့်ရေး ကြိုးပမ်းမှုဖြစ်သည်ဟု ကြားဝင်စေ့စပ်ပေးသူများက ပြောသည်။

ယင်းက ရပ်တန့်ထားရသော ဂျီဒတ် (Jeddah) မြို့မှ ဆွေးနွေးပွဲများကို ပြန်လည် စတင်ရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ လုပ်ရပ် တစ်ခုဟုလည်း ၎င်းတို့က ပြောသည်။

ထို့နောက် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းက ထိုလုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟု လည်း ကြားဝင်စေ့စပ်ပေးသူများက သတိပေးထားသည်။ 

အဆိုပြုသည့် အပစ်အခတ်ရပ်စဲရေးကို သဘောတူသည်ဟု ဆူဒန်စစ်တပ်က ထုတ်ပြန် ကြေညာခဲ့သော်လည်း RSF ဘက်က အပစ်အခတ်ရပ်စဲရေးအတွက် တရားဝင် ထုတ်ပြန်မှု တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မရှိသေးပေ။ 

ဆော်ဒီနိုင်ငံခြားရေး၀န်ကြီးကိုတွေ့ရစဉ်


သို့သော် ဆူဒန်ပြည်သူများထံတွင်တော့ ယခုတစ်ကြိမ် အပစ်အခတ်ရပ်စဲမှုကိုလည်း အကောင်းမြင်မှု မရှိကြချေ။ 

ပထမတစ်ကြိမ် အပစ်အခတ်ရပ်စဲရေးတုန်းက သဘောတူညီမှုများကဲ့သို့ ချိုးဖောက်ခြင်းမရှိဟု ယုံကြည်စရာ အကြောင်းပြချက် မရှိကြောင်း ဆူဒန်မြို့တော် ခါတွန် (Khartoum) မှ ဒေသခံများက ပြောသည်။ 

မြို့ တော်နှင့် တခြား အရပ်များရှိ ပြည်သူများထံတွင် ဇွန်လ ၁၀ ရက်နေ့ အပစ်အခတ်ရပ်စဲမှုအပေါ် ယုံကြည်မှု အနည်းငယ်သာရှိသည်ဟု ဆူဒန်ရှိ အယ်ဂျာဇီးလ်ယား သတင်းထောက်က ပြောသည်။ 

ဆူဒန်လူဦးရေ၏ တစ်ဝက်ဖြစ်သော ပြည်သူ ၂၅ သန်းခန့်သည် လက်ရှိတွင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ များ လိုအပ်နေသည်ဟုလည်း ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားသည်။ 

Source: အယ်ဂျာဇီးလ်ယား