CNI International News

ကိုင်ရို၊ ဧပြီ ၂၂

ဆူဒန်စစ်တပ်နှင့် RSF လက်နက်ကိုင် တပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် လူပေါင်း ၄၁၃ ဦးသေဆုံးခဲ့ရပြီ ၃၅၅၁ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု WHO ၏ နောက်ဆုံး ထုတ်ပြန်ချက်တွင် ဖော်ပြကြောင်း တာ့စ်သတင်းက ဖော်ပြထား သည်။

သို့သော် ဆူဒန် ကျန်းမာရေးဝန်ကြီး မူဟာမက် အီဗရာဟင် (Muhammed Ibrahim)ကတော့ ဧပြီ ၁၅ ရက်နေ့က ပဋိပက္ခများ စတင်ချိန်မှစ၍ လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ရပြီဟု ကြာသပတေးနေ့တွင် ပြောထားသည်။

တိုက်ပွဲများ ဖြစ်ပွားနေသော ဧရိယာများမှ ဆေးရုံ ၇၀ ရာခိုင်နှုန်းကျော်သည်လည်း လုပ်ငန်းလည်ပတ်နိုင်မှု မရှိ တော့ကြောင်း ဆူဒန်ဆရာဝန်များ သမဂ္ဂအဖွဲ့က ပြောသည်။

သောကြာနေ့သည် ဆူဒန်နိုင်ငံအတွက် အစ်နေ့ အားလပ်ရက် ဖြစ်သော်လည်း လက်နက်ကိုင်အဖွဲ့ နှစ်ခုကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း အာရပ်ရုပ်သံ ချန်နယ်များတွင် ဖော်ပြသည်။

ဆူဒန်စစ်တပ်နဲ့ RSF တပ်ဖွဲ့က ဗိုလ်ချုပ်ကြီးနှစ်ဦးကိုတွေ့ရစဉ်

တိုက်ခိုက်နေသော အဖွဲ့နှစ်ခုလုံးသည် အာရပ်နိုင်ငံများ၊ နိုင်ငံတကာ အသိုင်းအဝန်းနှင့် အဖွဲ့အစည်းများ၏ တောင်းဆိုမှုကို လျစ်လျူရှုကာ အပစ်အခတ်ရပ်စဲရေးကိုလည်း ကျင့်သုံခြင်းမရှိပေ။

မြို့တော် ခါတွမ် (Khartoum)ရှိ လူနေဧရိယာများသို့ တိုက်ခိုက်မှုများအတွက် ဆူဒန်စစ်တပ်နှင့် RSF အဖွဲ့တို့က အပြန်အလှန် အပြစ်ဖို့ထားကာ မြို့တော်ရှိ အင်တာနက်နှင့် မိုဘိုင်း ကွန်ယက်များလည်း ပျက်စီးလျက်ရှိသည်။

ကြာသပတေးနေ့တွင် RSF အဖွဲ့က အီဂျစ်၊ ယူအေအီးနှင့် ဆော်ဒီတို့၏ ကြားဝင် ဆောင်ရွက်ပေးမှုကြောင့် ရရှိ သော အားလပ်ရပ်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့သည်။

ဆူဒန် ပြည်တွင်းစစ်အတွင်း ကျည်ဆံဒဏ်ရာများနဲ့ ပြည့်နေတဲ့ အဆောက်အဦးကိုတွေ့ရစဉ်

၎င်းတို့သည် အယူအဆပိုင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ လွှမ်းမိုးမှုမရှိဘဲ ဆူဒန်၏ အကျိုးစီးပွားအတွက်သာ တိုက်ခိုက် နေရခြင်း ဖြစ်သည်ဟုလည်း RSF ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

သို့သော် ဆူဒန်စစ်တပ်ဘက်က ထိုအပစ်အခတ် ရပ်စဲရေးကို လက်ခံမည် မဟုတ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေး ကို RSF ဘက်က တစ်ဖက်သတ် ထုတ်ပြန်ခဲ့ခြင်းသာဖြစ်ကြောင်း သောကြာနေ့တွင် ထုတ်ပြန်သည်။

ဆူဒန်စစ်တပ် ခေါင်းဆောင်နှင့် RSF အကြီးအကဲတို့အကြား သဘောထား ကွဲလွဲမှုများ ရှိနေချိန်တွင် ဆူဒန်၌ ပဋိပက္ခများ ဖြစ်ပွားမှုမှာ ပိုမိုပြင်းထန်လာလျက်ရှိသည်။

Source: တာ့စ်