CNI International News

ခါတွမ်၊ ဧပြီ ၂၀

ဆူဒန်နိုင်ငံ၏ မြို့တော် ခါတွမ်(Khartoum) တွင် တိုက်ပွဲများ ပေါ်ပေါက်ချိန်တွင် မိုရိုဝီ (Merowe) လေဆိပ်၌ ဖမ်းမိခဲ့သော အီဂျစ်တပ်ဖွဲ့ဝင်များကို ပြန်လည်လွှဲပြောင်း ပေးသွားမည်ဟု ဆူဒန်နိုင်ငံ၏ RSF လက်နက်ကိုင် တပ်ဖွဲ့က ပြောကြောင်း Al Jazeera သတင်းတွင် ဖော်ပြသည်။

အခြေအနေများ ပေးချိန်တွင် အီဂျစ်တပ်ဖွဲ့များကို ကိုင်ရိုသို့ ပြန်လည် လွှဲပြောင်းပေးသွားမည်ဟု RSF ဘက်မှ ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ဖော်ပြသည်။

ဆူဒန်စစ်တပ်နှင့် RSF တို့အကြား စနေနေ့က စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများနောက် RSF အဖွဲ့မှ ဗွီဒီယိုဖိုင် တစ်ခုကို ထုတ်ပြန်ခဲ့ရာ ယင်းတွင် မြောက်ပိုင်း မိုရီုဝီမြို့ ၌ လက်နက်ချ အဖမ်းခံခဲ့သော အီဂျစ်တပ်ဖွဲ့ဝင်များကို မြင်တွေ့ရသည်။

မိုရီုဝီမြို့သည် မြို့တော် ခါတွမ်နှင့် အီဂျစ်နယ်စပ် ကြားတွင် ရှိသည်။

ဆူဒန် စစ်တပ် ခေါင်းဆောင်ကိုတွေ့ရစဉ်

မြေပြင်တွင် ဆောင့်ကြောင့် ထိုင်နေသည့် စစ်ဝတ်စုံဝတ် အမျိုးသားများ RSF တပ်ဖွဲ့များကို အာရပ်ဘာသာစကား ဖြင့် ပြောဆိုနေသည်ကိုလည်း မြင်တွေ့ရသည်။

ဆူဒန်တွင် အဖမ်းခံထားရသည့် အီဂျစ်တပ်ဖွဲ့ဝင်များမှာ ဆူဒန်တပ်ဖွဲ့များနှင့် လေ့ကျင့်ရေး ပြုလုပ်ရန် ရောက်ရှိ နေသူများဖြစ်ကာ စစ်ပွဲနှင့်လုံးဝ ပတ်သက်ခြင်း မရှိဟု အီဂျစ်သမ္မတ အဗ္ဗဒဲလ်ဖာတက် အယ်လ်-စီစီ (Abdel Fattah al-Sisi) က ပြောသည်။

အီဂျစ်နိုင်ငံပိုင် ရုပ်သံတွင် ထုတ်ပြန်ခဲ့သည့် မိန့်ခွန်းတစ်ခုတွင်လည်း ဆူဒန်၌ အဖမ်းခံထားရသော အီဂျစ်တပ်ဖွဲ့ ဝင်များ၏ ဘေးကင်းရေးအတွက် RSF နှင့် အဆက်အသွယ်ရှိသည်ဟု အီဂျစ်သမ္မတက ပြောခဲ့သည်။

ဆူဒန်စစ်တပ်နှင့် RSF တို့၏ တိုက်ပွဲများသည် ဗုဒ္ဓဟူးနေ့တွင် ငါးရက်မြောက်အဖြစ် ရှိလာပြီဖြစ်ကာ အမေရိကန်မှ ကြားဝင် ဆောင်ရွက်ပေးသည့် အပစ်အခတ်ရပ်စဲရေးသည်လည်း ပျက်စီးသွားခဲ့သည်။

ဖမ်းခံထားရတဲ့ အီဂျစ်တပ်ဖွဲ့ကိုတွေ့ရစဉ်

မြို့တော်ခါတွမ်တွင် လေကြောင်း တိုက်ခိုက်မှုများ၊ အမြောက်ဖြင့် ပစ်မှုများ ဖြစ်ပေါ်လျက်ရှိကာ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေး ပျက်စီးမှုအပေါ် အပြန်အလှန် အပြစ်ပုံချလျက် ရှိသည်။ ညနေ ၆ နာရီမှ စတင်ကာ ၂၄ နာရီ ကြာ အပစ်အခတ်ရပ်စဲရေးစမည်ဟု RSF အဖွဲ့က ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းတွင် ပြောခဲ့သော်လည်း ဆူဒန်စစ်တပ် ဘက်က ၎င်းတို့၏ အပစ်အခတ်ရပ်စဲရေးကို မည်သည့် အချိန်၌ စတင်မည်လည်း မသိရသေးပေ။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သည့် ဗိုလ်ချုပ်ကြီးနှစ်ဦး၏ တပ်ဖွဲ့များအကြား တိုက်ခိုက်မှုများကြောင့် ဆူဒန်နိုင်ငံတစ်ဝန်းလုံး၌ အကြမ်းဖက်မှုများ ပေါ်ပေါက်လျက်ရှိသည်။

တိုက်ပွဲများကြောင့် အနည်းဆုံး လူ ၂၇၀ ကျော် သေဆုံးခဲ့ကာ ၁၂၆၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ကမ္ဘာ့ ကျန်းမာ ရေးအဖွဲ့က ပြောသည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနှင့် ရေရှားပါးမှုများကြောင့် ဆေးရုံပေါင်းများစွာ တွင် လုပ်ငန်းဆောင်ရွက်မှုများ ရပ်တန့်ကုန်ကာ ဒေသခံ ထောင်ပေါင်းများစွာလည်း မြို့တော်ခါတွမ်မှ နေရပ် စွန့်ခွာ ထွက်ပြေးရလျက် ရှိသည်။

Source: Aljazeera