CNI International News

နိုင်ရိုဘီ၊ ဖေဖော်ဝါရီ ၁၁

အီသီယိုးပီးယားနိုင်ငံသည် အိမ်နီးချင်း ဆူဒန်နိုင်ငံ၏ အရန်တပ်ဖွဲ့ (RSF) အတွက် ထောင်နှင့်ချီသည့် တိုက်ခိုက် ရေးသမားများကို လေ့ကျင့်ပေးနေသည့် လျှို့ဝှက်စခန်းတစ်ခုကို  လက်ခံဖွင့်လှစ်ထားကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုသတင်းအရ ကမ္ဘာပေါ်တွင် လူအသေအပျောက် အများဆုံး ပဋိပက္ခတစ်ခုဖြစ်သည့် ဆူဒန် ပြည်တွင်းစစ်၌ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ အင်အားကြီးနိုင်ငံများ ပါဝင်ပတ်သက်လာသည့် နောက်ဆုံး လက္ခဏာ တစ်ခု ဖြစ်သည်။

ထိုစစ်စခန်းသည် ဆူဒန် ပြည်တွင်းစစ်အတွင်း အီသီယိုးပီးယားက ပါဝင်ပတ်သက်သည့် ပထမဆုံး အထောက် အထား ဖြစ်ပြီး ဆူဒန်တောင်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာချိန်၌ RSF တပ်ဖွဲ့များအတွက် စစ်သားအင်အား အများအပြား ဖြည့်တင်းပေးနိုင်သဖြင့် အန္တရာယ်ရှိသော အခြေအနေတစ်ခု ဖြစ်လာနိုင်သည်။

ယူအေအီးနိုင်ငံက ထိုစခန်း တည်ဆောက်ရေးအတွက် ရန်ပုံငွေ ထောက်ပံ့ပေးခဲ့ပြီး စစ်သင်တန်း နည်းပြများနှင့် ထောက်ပံ့ပို့ဆောင်ရေး အကူအညီများကို ပေးခဲ့ကြောင်း အီသီယိုးပီးယား အစိုးရအရာရှိတစ်ဦး အပါအဝင် သတင်း ရင်းမြစ် ၈ ခုက ပြောကြားခဲ့သည်။

ထိုအချက်ကို အီသီယိုးပီးယား ထောက်လှမ်းရေးအဖွဲ့၏ အတွင်းစည်းမှ စာတစ်စောင်နှင့် ရိုက်တာသတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သည့် သံတမန်ရေးရာ ကြေးနန်းစာများတွင်လည်း ဖော်ပြထားသည်။

အီသီယိုးပီးယားဝန်ကြီးချုပ်နဲ့ ဆူဒန်စစ်တပ် အကြီးအကဲကို တွေ့ရစဉ်

ထိုအစီအစဉ်တွင် ယူအေအီး၏ ပါဝင်ပတ်သက်မှု သို့မဟုတ် စခန်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရိုက်တာ သတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည် ဖြေကြားရာတွင် ၎င်းတို့သည် ဆူဒန်ပဋိပက္ခ၌ ပါဝင်ပတ်သက်ခြင်း မရှိကြောင်းနှင့် တိုက်ခိုက်မှုများ တွင်လည်း မည်သည့်နည်းနှင့်မျှ ပါဝင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ဆူဒန်တွင် အရပ်သား အုပ်ချုပ်ရေးသို့ ကူးပြောင်းရန် စီစဉ်နေစဉ်အတွင်း ဆူဒန်စစ်တပ်(SAF) နှင့် အရန်တပ်ဖွဲ့ (RSF)တို့ကြား အာဏာလွန်ဆွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင် ဆူဒန်ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုစစ်ပွဲကြောင့် အငတ်ဘေး ကျရောက်ခဲ့ပြီး လူမျိုးရေး အခြေခံသော ရက်စက်ကြမ်းကြုတ်မှုများလည်း ပေါ်ပေါက်ခဲ့ကာ သန်းနှင့်ချီသည့် ဒုက္ခသည်များသည် အီဂျစ်၊ ချက်ဒ်၊ လစ်ဗျားနှင့် တောင်ဆူဒန်နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

Source: ရိုက်တာ