CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
မိမိတို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ)စစ်ဆင်ရေးကို ဖော်ဆောင်၍ ထိန်းချုပ်ပြီးလျှင် မြောက်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသ တစ်ခုလုံးကို ထိန်းချုပ်သွားမည်ဟု KIA ထိပ်သီးခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်က အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်တွင် ပြုလုပ်သော (၆၅) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ အွန်လိုင်းမှတဆင့် ပြောကြားသော မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကချင်ယူနစ်၊ ချင်းယူနစ်၊ နာဂယူနစ်နှင့် ကသုံးလုံး ဟုခေါ်သော ကန့်ဘလူ၊ ကောလင်း၊ ကသာ အပါ အဝင် မြောက်ပိုင်းတစ်ခုလုံး တည်ငြိမ်စွာ ထိန်းချုပ်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း၊ အထက်ပိုင်းကို ထိန်းချုပ် နိုင်သည့်အခါ အောက်ပိုင်းတစ်ခုလုံးကို အလွယ်တကူ ထိန်းချုပ်နိုင်မည်ဟု KIA ထိပ်သီးခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောသည်။

စစ်ကိုင်းတိုင်းကို တွေ့ရစဉ်
၎င်းက “ချင်းပြည်အရေးကို အလေးထားပြီးတော့ ကြိုးစားနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ ကချင် ယူနစ်၊ နာဂယူနစ်၊ ချင်းယူနစ်နဲ့ NUG စစ်ကိုင်းတိုင်းအထက်ပိုင်း ကသုံးလုံးက Stable ဖြစ်ဖို့ ကြိုးစားနေတာ ဖြစ် တယ်။ ဖြစ်လည်း ဖြစ်နိုင်တယ်လို့ ယုံကြည်တယ်။ ဒီအထက်ပိုင်း မြောက်ပိုင်းတစ်ခုလုံး Stable ဖြစ်သွားလို့ရှိရင် အောက်ပိုင်းကို အလွယ်တကူ ကျနော်တို့က ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါက စစ်ရေး ရည်မှန်းချက် ဖြစ်ပါ တယ်။ ချင်းပြည် အရင်းအမြစ်က တစ်နိုင်လုံးရဲ့ အောင်မြင်မှုကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် မို့လို့ ချင်းပြည်နဲ့ ကျနော်တို့က ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေး အားကြိုးမာန်တက် လုပ်ဆောင်နေတယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် NLD အစိုးရကို မြန်မာ့တပ်မတော်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့၍ တစ်နိုင်ငံလုံး ကန့်ကွက် ဆန္ဒပြမှုများနှင့် လက်နက်ကိုင် ဆန့်ကျင်မှုများ ပေါ်ပေါက်လာခဲ့သည်။
ထို့နောက် တရုတ်ကိုယ်စားလှယ်နှင့် KIA ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး စစ်ပွဲများ မဖြစ်ပွားရေး တရုတ်က ဖိအားပေးခဲ့ကြောင်း၊ စစ်ပွဲများဖြစ်ပွားလာမည်နှင့် ဒီမိုကရေစီအင်အားစုများကို ပူးပေါင်းကူညီသွား မည်ဖြစ်ဟု KIA က ပြောကြားခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းသည် မိမိတို့ အိမ်ခြံဝင် ကချင်လုံခြုံရေးအတွက် အဓိက ဖြစ်၍ စစ်ကိုင်းတိုင်းကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း KIA ထိပ်သီးခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောကြားခဲ့သည်။
၎င်းက “တရုတ်အစိုးရက တိုက်ပွဲတွေ မဖော်ဆောင်ဖို့ ပြောတယ်။ ကျနော်တို့ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖော်ဆောင်ရမှာ ဖြစ်တယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ အိမ်ခြံဝင်း တံခါးပေါက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ကျနော်တို့က ရန်သူကို စောင့်ရမယ်။ စစ်ကိုင်းတိုင်းမှာရှိတဲ့ အင်အားစုနဲ့ ကချင်ပြည်က တံခါးပေါက် လုံခြုံရေးတော့ သေချာပေါက် လုပ်ရမယ်လို့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကျနော်တို့ ပြောတယ်”ဟု ပြောသည်။

KIA-PDF နဲ့ စစ်ကိုင်းတိုင်းကို တွေ့ရစဉ်
လက်ရှိတွင် KIA သည် အာရက္ခတပ်တော်(AA)၊ ချင်းအမျိုးသားတပ်ဦး()၊ နာဂလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)များ၊ NUG၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF များကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေး၍ စစ်ကိုင်းတိုင်းဒေသကြီးကို ထိန်းချုပ်ရန် ကသုံးလုံး စစ်ဆင်ရေးနှင့် တခြားသော စစ်ဆင်ရေးများကို ဖော်ဆောင် လျက်ရှိသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေပြည်အေးမြို့၊ ပင်လည်ဘူးမြို့၊ အင်းတော်မြို့တို့ကို KIA-PDF များ ထိန်းချုပ်ထားပြီး ဟုမ္မလင်း၊ ကောလင်း၊ ကသာ၊ ဝန်သို၊ တမူး၊ နာဂဒေသ၊ ပုလဲ၊ မုံရွာ၊ ဖောင်းပြင်၊ ယင်းမာပင်၊ ရွှေ ဘို၊ ကလေး၊ ထီးချိုင့်၊ ဗန်းမောက် စသည့် မြို့များကို သိမ်းပိုက် ထိန်းချုပ်နိုင်ရေး တိုက်ခိုက်လျက်ရှိနေသည်။
KIA သည် ကချင်ပြည်နယ်ကနေ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ကို ချိတ်ဆက်၍ မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေး ကြိုးပမ်းနေသလို မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး (အောက်ပိုင်းဒေသ)ကိုလည်း ထိန်းချုပ်နိုင်ရေး စစ်ရေးအရ ဖိအားပေးလျက်ရှိနေသည်။
မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတစ်လျှောက်ကို KIA ထိန်းချုပ်နိုင်ခဲ့ပါက ကုန်းတွင်းပိတ် ဒေသကနေ ပင်လယ်ထွက်ပေါက်အထိ ရရှိသွားမည်ဖြစ်ကာ အနောက်အုပ်စုများနှင့် ဥရောပအထိ သံတမန်ဆက်ဆံရေး တည်ဆောက်နိုင်မည်ဖြစ်သည်။
ထို့နောက် KIA သည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမှသည် ခွဲထွက်ရေးအထိ အကောင်အထည် ဖော်လာနိုင်သော အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
မိမိတို့အနေဖြင့် ခွဲမထွက်ဘူးဟု ကတိမပေးနိုင်ကြောင်း ၂၀၁၈-၂၀၁၉ ခုနှစ်က ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု KIA ထိပ်သီးခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ ပြန်လည် ပြောပြခဲ့သည်။
