CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၀

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ လက်ရှိဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) ဦးဆောင်သည့် ဘူဂျာထိုင်းပါတီ (Bhumjaithai Party) က အနိုင်ရရှိခဲ့ ပြီးနောက် ထိုင်းစတော့အိတ်ချိန်း၏ ညွှန်းကိန်း (SET Index) သည် ၃ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

နံနက် ၁၀ နာရီ ၁၃ မိနစ်ခန့်တွင် SET Index သည် ၄၀ ဒသမ ၇၄ ပွိုင့် သို့မဟုတ် ၃ ဒသမ ၀၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အရောင်းအဝယ် ပမာဏမှာ ဘတ် ၃၀ ဘီလျံနီးပါး ရှိခဲ့သည်။

စတော့ရှယ်ယာ စျေးကွက် ဖွင့်ချိန်တွင် အကျိုးအမြတ် အများဆုံး ရရှိခဲ့သည့် ထိပ်တန်းကုမ္ပဏီကြီး ၅ ခုစာရင်း၌ Airports of Thailand Plc ၏ ရှယ်ယာစျေးများသည် ၅ ဒသမ ၇၅ ဘတ် (၁၀ ဒသမ ၈၅ ရာခိုင်နှုန်း) မြင့်တက်ကာ ၅၈.၇၅ ဘတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်ခဲ့သည်။

ဒုတိယနေရာတွင် Delta Electronics Plc က ၁၃ ဘတ် (၆ ဒသမ ၂၈ ရာခိုင်နှုန်း) မြင့်တက်ကာ ဘတ် ၂၂၀ သို့ ရောက်ရှိခဲ့ပြီး၊ Gulf Development Plc ကလည်း ၃ ဒသမ ၂၅ ဘတ် (၆ ဒသမ ၃၈ ရာခိုင်နှုန်း) မြင့်တက်ကာ ၅၃ ဘတ်သို့ ရောက်ရှိခဲ့သည်။

စျေးကွက် ဖွင့်ပြီးနောက်ပိုင်း အစောပိုင်းတွင် ရှယ်ယာစျေး အတက်ဆုံးဖြစ်ခဲ့သည့် ထိပ်တန်းကုမ္ပဏီ ၅ ခု စာရင်း တွင် Krungthaibank Plc၊ PTT Plc နှင့် Cpall Plc တို့လည်း ပါဝင်ခဲ့သည်။

ဘူဂျာထိုင်းပါတီကို တွေ့ရစဉ်

ထိုင်းစတော့အိတ်ချိန်း ညွှန်းကိန်း (SET Index) သည် ပြီးခဲ့သည့် သောကြာနေ့က ၁၃၅၄ ဒသမ ၀၁ ပွိုင့်ဖြင့် စျေးပိတ်ခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲအပြီး နိုင်ငံရေးအရ မရေရာမှုများအားလုံး ရှင်းလင်းသွားပါက SET Index မြင့်တက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့ကတည်းက Pi Securities ကုမ္ပဏီ၏ သုတေသန အကြီးအဲကဲ ကာဝီ ချူကစ်ကာဆမ် (Kavee Chukitkasem) က ပြောကြားခဲ့သည်။

ကျွမ်းကျင်သူများကလည်း ဘူဂျာထိုင်းပါတီ၏ အနိုင်ရရှိမှုမှတဆင့် အကျိုးအမြတ် အများဆုံးရရှိမည့် ကဏ္ဍများ ထဲတွင် စတော့စျေးကွက်သည် တစ်ခု အပါအဝင် ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့ကြသည်။

Citigroup ၏ ကျွမ်းကျင်သူ ကာစီဒစ် ချွန်နာဝပ် (Kaseedit Choonnawat) က ထိုင်းစတော့အိတ်ချိန်း ညွှန်းကိန်း သည် ယခုနှစ်ကုန်တွင် ၁၄၅၀ ပွိုင့်အထိ မြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်