CNI News

၂၀၂၆ ခုနှစ်၊ ဖေဖဝါရီ ၁၀

မြန်မာနိုင်ငံတွင် အမျိုးမျိုးသော ဒုက္ခရောက်နေကြသူများရှိသည့်အနက် စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာ ကြသည့် ပြည်သူများ ပိုများလာသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စီမံကိန်း ကောင်းကောင်း ရေးဆွဲ၍ ဆောင်ရွက်သင့်ကြောင်း နိုင်ငံရေးသမားများနှင့် EAO အဖွဲ့များက ထောက်ပြကြသည်။

မိမိမြို့ကို စွန့်ခွာလာကြသည့် တိုက်ပွဲရှောင်သူများ၊ နယ်မြေဒေသ အခြေအနေများကို နားစွင့်ရင်း အိမ်ပြန်ရန် ပြင်ဆင်နေကြသူများ၊ တချို့ အိမ်ပြန်၍ရသော်လည်း အိမ်ပြန်ရန် မတွေးနိုင်သေးသည့် အခြေအနေများ ရှိနေ ကြသူများကို မည်ကဲ့သို့ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်မလဲ နိုင်ငံတော်က စဉ်းစားရ မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။ 

လက်ရှိ စစ်ပြေးရှောင်များက ငလျင်ဘေးထက် ပိုပြီး စီးပွားပျက်ကြရကြောင်း၊ ထိုကြောင့် နိုင်ငံတော်မှ စီမံချက် ကောင်းကောင်းဆွဲပြီး လုပ်ဆောင်ပေးသင့်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲ့ဒီကိစ္စကို နိုင်ငံတော်ပိုင်းကတော့ အများကြီး ကူညီပေးရမယ်လို့ မြင်တယ်။ ဒီမန္တလေး ငလျင်ဘေးထက် မကဘူး၊ စစ်ဘေးရှောင်တွေက ပိုပြီးမှ စီးပွားပျက်သွားကြပါတယ်။ မန္တလေး ငလျင်ဘေးကျတော့  လှုပ်ပြီးမကြာ ဘူး ပြန်လည်ထူထောင်ရေး ပြန်လုပ်နိုင်တယ်။ ဟိုစစ်ဘေးရှောင်တွေကြတော့ ကိုယ့်အိမ်ကိုတောင် ပစ်ထားခဲ့ရ တယ်၊ အတွင်းပစ္စည်းကအစ အကုန်ပါသွားတယ်။ အဲ့ဒီခါကြတော့ နိုင်ငံတော်ကနေမှ စီမံချက် ကောင်းကောင်း ဆွဲပြီးမှ လုပ်ပေးစေချင်ပါတယ်။ စစ်ဘေးရှောင်ကိစ္စနဲ့ ပတ်သက်ပြီးမှ။ နောက်နေရပ်ပြန်ရေးကိစ္စ၊ နောက် မိုင်း ရှင်းလင်းရေးကိစ္စ သူတို့နေရပ် ရောက်သွားပြီဆိုရင်တော့ ပြန်လည်ထူထောင်ရေးကိစ္စ အလုံးစုံကို နိုင်ငံတော်က တာဝန်ယူပြီးတော့မှ လုပ်ပေးသင့်ပါတယ်။ ဒီစစ်ပွဲကြီးကိုဖြစ်အောင် တိုက်ခဲ့တဲ့သူတွေကို နိုင်ငံတော်က နောင်ကို ဒီလိုမျိုးမဖြစ်အောင် အမြစ်ပြတ် ချေမှုန်းပေးဖို့ လိုတယ်။ အဲ့ဒါလည်း လွှတ်တော်ထဲမှာ ဆွေးနွေးဆုံးဖြတ်ကြဖို့ လိုမယ်လို့ မြင်တယ်။ လူထုကို မျက်နှာကြည့်တယ်၊ နိုင်ငံတော်မျက်နှာ ကြည့်တယ်ဆိုရင်တော့ ဒီကိစ္စကို မဖြစ်မ နေ လုပ်ပေးဖို့တော့ မေတ္တာရပ်ခံချင်တယ်”ဟု ပြောသည်။

စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေစဉ်

စစ်ပြေးရှောင်များ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်သည့်အခါမှာ စစ်ပြေးရှောင် အတု/အစစ် ခွဲခြားရန်လိုအပ်ကြောင်း၊ နိုင်ငံတကာ၏ အကူအညီများ ရယူသည့်အခါမှာလည်း နှောင်ကြိုးမဲ့ အကူအညီများ ဖြစ်ရန်လိုအပ်ကြောင်း၊ လွှတ်တော်ကလည်း စစ်ပြေးရှောင်အရေး သေချာဖြေရှင်းပေးသင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း၌  လက်နက်ကိုင်ပဋိပက္ခများ ပိုမို ကျယ်ပြန့်လာခဲ့ပြီး၊ ယခင်က တိုက်ပွဲများမဖြစ်ဖူးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ပါ တိုက်ပွဲများ ဖြစ်ပွား လာမှုကြောင့် စစ်ပြေးရှောင်ဦးရေမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးဘက်ကို စစ်ပြေးရှောင်ကြသော်လည်း အများစုကမူ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး နယ်တစ်ဝိုက်နှင့် ညောင်ရွှေ၊ ကျေးသီး၊ မိုင်းကိုင်၊ လွိုင်လင်၊ လဲချားမြို့များဘက်တွင် စစ်ပြေးရှောင်ရင်း နေထိုင်နေကြရသည်။

စစ်ပြေးရှောင်များအတွက် လက်နက်ကိုင်ပဋိပက္ခများကို ပပျောက်နိုင်အောင် မဟာဗျူဟာကျကျ စဉ်းစားပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။ 

စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေစဉ်

၎င်းက “ကျနော်တို့နိုင်ငံရဲ့ ပုံမှန်အခြေအနေ မဟုတ်တဲ့ အခင်းအကျင်းအောက်ကနေ နောက်ဆက်တွဲ ဖြစ်ပေါ် လာတဲ့ လူမူရေးဆိုင်ရာ ဒီဆင်းရဲဒုက္ခသည်ကနေ ဖြစ်ပေါ်လာတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ဒါက အမှန် တကယ်လည်း လိုအပ်တယ်။ အချိန်လည်း တန်လောက်ပြီလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ၂၀၂၁ နောက် ပိုင်း ကနေစပြီးတော့ ၅ နှစ်တာ ကာလအတွင်းမှာ ဆိုလို့ရှိရင် ဒီလက်နက်ကိုင်ပဋိပက္ခရဲ့ ဒီဆိုးကျိုးဒဏ်တွေ ကြောင့် ဒီလိုမျိုး စစ်ဘေးရှောင်ဆိုတာ နောက်ထပ်မဖြစ်အောင် ရှိနေတဲ့ဟာတွေကိုလည်း ပြန်လည်ထူထောင်ရေး လား၊ ပြန်လည်ကုစားရေးလား ဒီလောက် အချိန်ကာလ အတွင်းမှာတော့ ကျနော်တို့ စတင်ပြီးတော့ စဉ်းစားဖို့ လိုအပ်နေပါပြီ။ ကျနော်တို့ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲတွေကို လျော့ချနိုင်အောင်၊ ပပျောက်နိုင် အောင် မဟာဗျူဟာကျကျ စဉ်းစားပြီးတော့ ဒါလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့၊ ပထမဦးဆုံး စဉ်းစားမယ်။ ဒီစစ်ဘေးရှောင်တွေ အတွက်ပေါ့လေ”ဟု ပြောသည်။

စစ်ပြေးရှောင်များ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အစိုးရနှင့် သက်ဆိုင်သူများ ပူးပေါင်း၍ မူဝါဒများ ချမှတ်ရန်လိုအပ်ကြောင်း၊ အသက်မွေးဝမ်းကြောင်းနှင့် လက်မှုပညာရပ်များ တက်မြောက် ရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဘေးကင်း လုံခြုံမှု ပတ်ဝန်းကျင် ဖြစ်အောင် ဖန်တီးပေးရန်လိုအပ် ကြောင်း၊ ကလေးငယ်များ ပညာသင်ကြားရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဖန်တီးပေးရန်လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

လက်ရှိတွင် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသကြီးအရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခများ အပြင်းအထန် ဖြစ်ပွားနေသည်။

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌  စစ်ပြေးရှောင်ဦးရေ ၂ ဒသမ ၆ သန်းရှိပြီး ၂၀၂၄ ခုနှစ်တွင် ၃ ဒသမ ၅ သန်းအထိ မြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လက်နက်ကို င်ပဋိပက္ခများကြောင့် စစ်ပြေးရှောင်ဦးရေ ၄ ဒသမ ၅ သန်းအထိ ရှိလာကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။