CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
လက်နက်ကိုင်ပဋိပက္ခများ မချုပ်ငြိမ်းနိုင်သေးသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့(EAOs)များ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနိုင်ရန် မူဝါဒအသစ်များ ချမှတ်ရန်လိုကြောင်း NCA ထိုးထား သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်း ဌာနသို့ ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနိုင်ရန် တရုတ်နိုင်ငံ တစ်ခုတည်း ကြိုးပမ်းရုံဖြင့် မရကြောင်း၊ နိုင်ငံရေးတွင် မဖြစ်နိုင်ဘူး ဆိုသည်မျိုး မရှိဘဲ ဖြစ်နိုင်တာတွေချည်းသာ ရှိကြောင်း၊ ညှိနှိုင်းခွင့် ပေးလျှင် ငြိမ်သွားနိုင်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “သူတို့ လက်ခံနိုင်တဲ့၊ နှစ်ဖက်လက်ခံနိုင်တဲ့ မူဝါဒတွေ ချရင်တော့ ဖြစ်နိုင်ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်တုန်းက ချပေးတဲ့ မူတွေလည်း ကောင်းပါတယ်။ ကျနော်တို့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်၊ နောက်ပြီးတော့ တစ်နိုင်ငံလုံးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆွေးနွေးပွဲတွေ လုပ်ပြီးတော့ အဲဒီ ဆွေးနွေးပွဲတွေက အချိန်နည်းနည်း ယူပြီးတော့ သီးခြားစီလည်း စာချုပ်ချုပ်လို့ ရပါတယ် အဲဒီအဖွဲ့တွေနဲ့။ အဲဒါ ဆိုရင်တော့ အဆင်ပြေသွားနိုင်ပါတယ်။ နယ်မြေ အကန့်အသတ်တော့ ရှိတာပေါ့လေ။ ဒါတော့ ညှိနှိုင်းမှုအပေါ် မူတည်တာပေါ့။ မဖြစ်နိုင်ဘူး ဆိုတာတော့ မရှိပါဘူး။ နိုင်ငံရေးမှာ ဖြစ်နိုင်တာတွေ ချည်းပါပဲ။ သို့သော် ညှိနှိုင်းမှု တော့ လိုတယ်။ နောက်ပြီးတော့ အကန့်အသတ်တော့ ရှိတာပေါ့။ ရခိုင်က ဘယ်လောက် လိုချင်သလဲ၊ ကချင်က ဘယ်လောက် လိုချင်သလဲ အကန့်အသတ်တော့ ရှိပါတယ်။ ညှိနှိုင်းတာကတော့ အဖွဲ့တိုင်းတော့ ညှိနှိုင်းချင်တဲ့ စိတ်တွေ ရှိကြပါတယ်။ ဒါကြမှ သူဘာလိုချင်တယ်၊ ကိုယ်ဘာပေးနိုင်မလဲဆိုတာ အပြန်အလှန် ညှိလို့ရတာကို။ အပေးအယူကတော့ လုပ်ရမှာပဲ။ တောင်းသလောက်တော့ ရမှာမဟုတ်ဘူး။ ဟိုကလည်း လုံးဝ မပေးဘဲနဲ့လည်း ရမှာမဟုတ်ဘူး။ အဲဒီလိုနှစ်ဖက် ရှိတာပေါ့။ ညှိနှိုင်းဖို့တော့ လိုပါတယ်။ ညှိနှိုင်းခွင့်လေး ပေးရင်တော့ ငြိမ်သွားနိုင်ပါ တယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ NDAA-SSPP-UWSA ခေါင်းဆောင်များကို တွေ့ရစဉ်
လက်ရှိတွင် NCA လုံးဝ မထိုးရသေးသော အဖွဲ့များမှာ UWSA- NDAA- MNDAA- TNLA- KIA- SSPP-AA-KNPP တို့ ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့သည် NCA မှ နှုတ်ထွက်ကြောင်း၊ စာချုပ်ပျက်ကြောင်း ထုတ်ဖော် ပြောဆို ကာ လက်နက်ကိုင် တိုက်နေသော်လည်း အစိုးရဘက်မှ ၎င်းတို့ကို ဆက်လက် အသိအမှတ် ပြုနေသည့် သဘော မှာရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် NCA ကို မြောက်ပိုင်းအဖွဲ့များ အနေဖြင့် သေချာလေ့လာပြီး လက်မှတ် ထိုးမည်ဆိုပါက ၎င်းတို့အတွက် အခွင့်အရေးများရှိနိုင်ကြောင်း၊ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း နယ်မြေများကို သတ်မှတ်မည်ဆိုပါက လာမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနားကျင်းပစဉ်
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “ဘာကြောင့်တုန်းဆိုတော့ အဲဒါထိုးလိုက်ခြင်း အားဖြင့် သူတို့က အခုလက်ရှိ သူတို့တပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကနေ ဆုတ်ခွာစရာမလိုဘူး။၊ သူကရှိနေတဲ့ နေရာဒေသတွေကနေ အပစ်အခတ်ရပ်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စားပွဲဝိုင်းမှာ ထိုင်ရမှာပေါ့။ ပြောချင်တာက သူတို့က နိုင်နေတဲ့ အနေအထားရှိတယ်။ NCA စာချုပ်ရဲ့မူလ ဟိုဟာက ကြတော့ ရှိတဲ့နေရာမှာ သူက တိုက်ပွဲတွေ ရပ်ပြီးတဲ့အခါကြ တော့ ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးကြမယ်။ အဲဒီဆွေးနွေးတဲ့ အခါမှာတော့ သူတို့အတွက် နယ်မြေတွေ၊ ပြည် နယ်တွေ တောင်းတယ်ဆိုတော့ ပြည်နယ်ပေးဖို့တို့၊ နောက်တစ်ခါ သူတို့ရဲ့ တိုင်းရင်းသားနယ်မြေတွေကို မြေပုံမှာ အပြောင်းအလဲ သတ်မှတ်ပေးဖို့ အဲဒါတွေ ဆွေးနွေးလို့ ရတာပေါ့။ ဆိုလိုချင်တာက အဲဒီလိုအနေအထား ရှိတယ်ဆို တာကို သူတို့ကို တိုက်တွန်းမယ့် လူလိုနေတာပေါ့။ ဥပမာ တရုတ်နိုင်ငံလိုဟာမျိုးကနေ မင်းတို့ NCA စာချုပ်ကို လက်မှတ် ထိုးခွင့်ရအောင် ကြိုးစားကြ၊ တစ်ဖက်ကလည်း အစိုးရဘက်ကလည်း ဒီဟာကို တံခါးဖွင့်ထားတဲ့ သဘောရှိတော့ အဲဒါဆိုရင်တော့ သူတို့က ဆွေးနွေးကောင်း ဆွေးနွေးလိမ့်မယ်။ အဲဒီလို မဟုတ်ဘဲနဲ့ မဟုတ်ဘူး နယ်မြေတွေကတော့ မူလအခြေခံဥပဒေမှာ သတ်မှတ်ထားတဲ့ အတိုင်းပဲ ဟိုဟာဖြစ်ရမှာဆိုရင်တော့ သူတို့က သိပ် ပြီးတော့ လာမှာမဟုတ်ဘူး။ ဒီတိုင်းပဲ အပစ်အခတ် ငြိမ်နေတာပဲ ရှိမှာပေါ့။ ငြိမ်းချမ်းရေး ယူထားတာ ဆိုတာမျိုး တော့ ရှိမှာမဟုတ်ဘူး။ ဆိုလိုတာက ပစ်ချင်တဲ့အချိန် ပစ်မယ်၊ တိုက်ချင်တဲ့အချိန် တိုက်မယ်၊ မတိုက်ချင်တဲ့ အချိန် ဆိုရင်တော့ သူတို့ ငြိမ်းချမ်းရေးလည်းမရ၊ တိုက်ပွဲလည်း မဖြစ်ဆိုတဲ့ အနေအထားမျိုး ဖြစ်နေမှာပေါ့” ဟု ပြော သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ် စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ PNLO၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ဖြစ်သည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပြောင်းလဲသွားသော နိုင်ငံရေး အခင်းအကျင်းနှင့် အတူ CNF-ABSDF-KNU တို့က NCA ပျက်သွားပြီးဆိုကာ နုတ်ထွက်သွားခဲ့သလို PNLO- ALP-LDU- NMSP အဖွဲ့များကလည်း ၂ ဖွဲ့ကွဲသွားခဲ့သည်။
