CNI Interview

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အင်အားစုများကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေသည်။

အဆိုပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေသည်။

သို့သော်လည်း လက်နက်ကိုင် အင်အားစုများသည် နယ်မြေချဲ့ထွင်၍ အာဏာတည်ဆောက်နိုင်ရေး တောင်းဆို နေကြသလို မြန်မာ့တပ်မတော်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်ဆွဲကာ နယ်မြေတောင်းဆိုမှုများ အား လက်မခံနိုင်ကြောင်း ရပ်တည်လျက်ရှိသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

CNI သတင်းဌာန     ။            ။ မြန်မာ့တပ်မတော်က ၂၀၀၈ ကို ကိုင်စွဲပြီးတော့ သွားတယ်၊ EAO တွေက နယ်မြေသတ်မှတ် ပေးဖို့ တောင်းဆိုတယ်၊ တပ်က ပေးလို့မရဘူး။ ဒီလိုကွာဟချက်တွေကြောင့် ငြိမ်းချမ်းရေးက မဖြစ်နိုင်ဘူးဆိုပြီး ပြောကြတယ်။ ဒီအခြေအနေကို ဘယ်လိုလုပ်သင့်လဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။           ။ ငြိမ်းချမ်းရေးဆိုတာက နိုင်ငံ‌ရေးဆွေးနွေးပွဲတွေကနေ ထွက်လာတဲ့ နိုင်ငံရေး သဘောတူချက်တွေရမှ ငြိမ်းချမ်းရေးဆိုတာ ဖြစ်တာကိုး၊ အခုက ငြိမ်းချမ်းရေးအတွက် ကြိုတင်ညှိနှိုင်းတဲ့ ပွဲလောက်ပဲ ဖြစ်နေတော့ တိုင်းရင်းသားတွေက နယ်မြေချဲ့ပြီးတော့ တောင်းဆိုလာတယ်၊ ဟိုကလည်း ၂၀၀၈ အောက်က ပေးလို့မရဘူး။ သို့သော် ၂၀၀၈ အောက်က ပေးလို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဥပမာ- “ဝ” လို ကျတော့ ၂၀၀၈ နဲ့ ကွဲပြားတဲ့ အုပ်ချုပ်ရေး ပုံသဏ္ဍာန်ရှိနေတယ်၊ “ဝ” တို့၊ မိုင်းလားတို့မှာက ၂၀၀၈ နဲ့ လုံးဝ ကိုက်ညီတဲ့ ပုံစံမဟုတ်ပါဘူး။

ထို့အတူပဲ ၂၀၀၈ နဲ့ လုံးဝ မကိုက်ညီသော်လည်းပဲ ၂၀၀၈ နဲ့အညီ ပေးလို့မရဘူးလို့ ပြောသော်လည်းပဲ တစ်နည်း နည်းနဲ့ လက်လွှတ်ထားရတာတွေ ရှိတဲ့အခါကျတော့ ညှိနှိုင်းရတဲ့ သဘောတော့ ရှိပါလိမ့်မယ်၊ ဒါကြောင့် ဒီရေရှည် မှာတော့ မြေလိုချင်တဲ့ လူပဲဖြစ်ဖြစ်၊ တရားဝင် ဖြစ်ချင်တာပဲဖြစ်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘောင်ထဲမှာ ပေးပိုင်ခွင့်ရှိအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တာပဲဖြစ်ဖြစ်၊ တစ်ခုခု လုပ်ပြီးတော့ သွားရမယ့် အခင်း အကျင်းတော့ ဖြစ်နိုင်ပါတယ်၊ အဲဒီလိုဖြစ်ဖို့ အတွက်ကလည်း လက်ရှိဖြစ်နေတဲ့ စစ်ရေးပဋိပက္ခကို လျှော့ရမယ်၊ ရပ်ရမယ်၊ ထို့အတူပဲ ရန်လိုမှုလို့ခေါ်တဲ့ တစ်ဖက်နဲ့တစ်ဖက် ရန်လိုတဲ့ဟာတွေကို ရပ်ရမယ်၊ ရန်လိုမှုတွေ ရပ်ပြီး စစ်ရေးပဋိပက္ခတွေကို လျှော့တဲ့အချိန်မှာမှ ခုနကပြောတဲ့ နိုင်ငံရေးရလဒ်တွေ ထွက်ပေါ်မယ်၊ ဆွေးနွေးပွဲတွေကို သွားရမယ်လို့ ကျနော်ယူဆပါတယ်၊ ဒါကြောင့် အခုဆွေးနွေး နေတာတွေက အဆင့်မတူကြဘူး၊ တစ်ဖက်ကတော့ နယ်မြေကိစ္စ ပြောပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ဆိုင်လာတယ်၊ တစ်ဖက်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ လက်မခံနိုင်ဘူးပြောတယ်၊ အဲဒီ ၂ ခုစလုံးက ဆက်သွားလို့ရအောင်က အပစ်ရပ်ထားဖို့တော့လိုတယ်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် NCA လက်မှတ်ထိုးကြစဉ်

CNI သတင်းဌာန     ။            ။ အပစ်ရပ်တာတွေကို ကြည့်လိုက်ရင် အပစ်ရပ်ရမယ်၊ ထိုးစစ်တွေ ချက်ချင်းရပ်ရမယ် ဆိုပြီး အချက်တွေပါတယ်၊ တပ်ဖက်ကနေပြီးတော့ ဒီအချက်တွေကို လက်ခံချင်ပုံ မရဘူး၊ ဘာလို့လဲဆိုတော့ ဒီလိုထိုးစစ်တွေ ရပ်လိုက်တာက နယ်မြေပေးလိုက်ရတဲ့သဘောမျိုး သက်ရောက်သွားတယ်ဆိုပြီးတော့ ပြောဆိုမှု တွေလည်း ရှိတယ်ပေါ့လေ၊ အဲတော့ အပစ်ရပ်တာတွေကလည်း ရေတိုတွေပဲခံပြီး ပြန်ပြီးတိုက်ပွဲတွေ ဖြစ်ပွားနေ ဆဲပဲ၊ ဒါတွေကိုရော ဘယ်လိုညှိနှိုင်းသင့်တယ်လို့ ဗိုလ်မှူးကြီး မြင်ပါသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။           ။ ကျ‌နော်တို့ မြင်တာကတော့ နိုင်ငံတကာမှာဖြစ်ဖြစ်ပေါ့၊ ပြည်တွင်းမှာဖြစ်ဖြစ် နှစ်ဖက် တပ်များသည် ရောက်ရှိတဲ့နေရာတွင် ရပ်ရန်ဆိုတဲ့ဟာက ဖြစ်လေ့ဖြစ်ထ မရှိဘူးဗျ၊ ဘာကြောင့်လဲဆို တော့ နှစ်ဖက်တပ်များ ရောက်ရှိတဲ့နေရာတွင် ရပ်ရန်ဆိုတဲ့ဟာက ကမ္ဘာစစ်တုန်းက အသုံးအနှုန်းတွေ ဖြစ်တယ်ဗျ၊ အခုလက်ရှိကတော့ နှစ်ဖက်တပ်များက ရောက်ရှိတဲ့ နေရာကနေပြီးတော့ Grid Line လို့ခေါ်တယ်ဗျ၊ အဲဒီ Grid Line တစ်ခုဆွဲပြီးတော့ ဘယ်တပ်က ဘယ်စည်းထိ ဆုပ်ရမယ်တာ ရောက်ရှိတဲ့နေရာတွင် ရပ်ရမယ်ဆိုတဲ့ဟာက ဖြစ်လေ့ဖြစ်ထ မရှိဘူးဗျ။

ကိုယ်ကသာတဲ့အချိန်မှာ အဲဒီရောက်ရှိတဲ့ နေရာမှာရပ် နှစ်ဖက် အပစ်ရပ်လို့ပြောရင် ကိုယ်ကသာလို့ ပြောတာကိုး၊ ကိုယ်က အခြေအနေ မကောင်းဘူးဆိုရင် ဘယ်လက်ခံမလဲ ဘယ်သူမှ ဒါကြောင့် ရောက်ရှိတဲ့ နေရာမှာ ရပ်တာ မဟုတ်ဘဲနဲ့ အပစ်ကိုရပ်ပြီးတော့ တပ်တွေရဲ့ နေရာချထားမှုကို သပ်သပ်ကို ပြန်စဥ်းစားရတယ်ဗျ။

အဲဒါ ကျနော်တို့ရဲ့ NCA အတွေ့အကြုံပေါ့၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ NCA မှာ တပ်နေရာချထားရေး အဲတာကို ကျနော်တို့က သီးသန့်ဆွေးနွေးရတာဗျ၊ အပစ်ရပ်ရုံနဲ့ ကိုယ်ရောက်တဲ့နေရာမှာ ယူထားဆိုတာ လုပ်လို့ မရဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ NCA ထိုးခါနီးမှာ အဲဒီလို ရောက်တဲ့နေရာ ယူထားဆို ကမန်းကတမ်း နီးရာ မြို့တွေ၊ ရွာတွေ ဆွဲယူထားပြီးတော့ ပြန်မဆုပ်ဘူးဆိုရင် ပြဿနာရှိတယ်။

ဒါကြောင့် အပစ်ရပ်တာ ပြောတာတစ်ခု ရောက်တဲ့နေရာမှာ နေတာမဟုတ်ဘဲနဲ့ မိမိတို့ရဲ့ ထိန်းချုပ်နိုင်တဲ့ အခြေအနေရှိတဲ့ Grid Line ခေါ်တာပေါ့၊ အဲဒီမျဥ်းတစ်ကြောင်းကို ဆွဲပြီးတော့ အဲဒီမျဥ်းရဲ့ နောက်ကွယ်မှာ နေရတယ်ဗျ၊ အဲဒီကြားထဲမှာ စစ်မဲ့ဇုန်တို့ ဘာတို့ဆိုတာ ထားပေးရတယ်ဗျ၊ အဲတာမှ လုပ်လို့ရတယ်၊ အခုကျနော် နောက်ဆုံး သတင်းရတဲ့ ဆွေးနွေးပွဲက အဲဒါတွေမပါဘူး၊ နှစ်ဖက်တပ်များ ‌ရောက်သည့်နေရာတွင် ရပ်ရန်ဆိုတာ ကိုယ်ကဦးသွားရင် ကိုယ်ရောက်တဲ့နေရာက ရှေ့ရောက်နေရင် အမြတ်ထွက်တာကိုး၊ ဟိုဖက်ကလည်း ဘယ်လက် ခံမလဲ၊ နှစ်ဖက်တပ်များ အပစ်ရပ်ရန် အဲဒီလိုစရမယ်။

(၂)က Grid Line ဆွဲပြီးတော့ တပ်နေရာချထားရေးကို သပ်သပ်ဆွေးနွေးရတယ်ဗျ၊ ဒီတိုင်းပြောင်ကြီး ရောက်တဲ့ နေရာ နေလို့တော့မရဘူး၊ ဒါကြောင့် ဆွေးနွေးပွဲကတော့ အဲဒီလို နှစ်ဖက် အတွေ့အကြုံနဲ့ အမြင်ရှိတယ်ဆိုရင် တော့ ညှိညှိနှိုင်းနှိုင်း လုပ်လို့ရတာ ရှိပါလိမ့်မယ်ဗျ။

(၈)နှစ်ပြည့် NCA လက်မှတ်ထိုးခြင်း အခမ်းအနား ကျင်းပစဉ်

CNI သတင်းဌာန     ။            ။ မြန်မာနိုင်ငံမှာ ချုပ်ဆိုထားတဲ့ NCA စာချုပ်မှာ နိုင်ငံတကာ အသိသက်သေတွေလည်း ပါတယ်။ ဒီလိုမျိုး အနေအထားမှာတောင် NCA စာချုပ်က ဘာကြောင့် ဖောက်ဖျက်ခံနေရတာလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။           ။ စာချုပ်အတိုင်း ဘယ်သူမှ မလုပ်လို့ပေါ့ဗျာ၊ စာချုပ်မှာ လက်မှတ်ထိုးတာက ကျနော် မှတ်မိသလောက် အစိုးရဆိုတဲ့ အစုအဖွဲ့ကနေပြီးတော့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ် ၃ ပါတီ ထိုး တယ်ဗျ။ ကျနော်တို့ ဘက်ကတော့ အဖွဲ့အစည်း အသီးသီးရဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ နောက်စစ်ဦးစီးချုပ် ၃ ယောက် ထိုးတယ်ဗျ။

အဲဒီလို ကတိကဝတ် အာမခံထားသော်လည်းပဲ ဘာကြောင့် ဖောက်တာလဲဆိုတော့ ကျနော်တို့ နှစ်ဖက်စလုံးပေါ့၊ အစိုးရကလည်း သူပြိုကွဲသွားတယ်၊ လွှတ်တော်နဲ့ အစိုးရက မရှိဘူး၊ တပ်မတော်ကျန်တယ်၊ ၃ ယောက် ၃ ဖွဲ့မှာ တပ်မတော်ကျန်တယ် NCA ထိုးတဲ့ထဲမှာ ကျန်တဲ့ လွှတ်တော်ကလည်း မရှိတော့ဘူး၊ နောက်တစ်ခါ ဒီ NCA ထိုး တဲ့ထဲမှာလည်းပဲ NCA ထိုးခဲ့တဲ့ အဖွဲ့တချို့က NCA က ပြန်လည်နုတ်ထွက်တယ် ဆိုပြီးတော့ ကြေညာပြီးတော့ နုတ်ထွက်ပြီးတော့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကြတယ်။

သူ့ဘက်ကိုယ့်ဘက် အပြစ်တင်ရင်တော့ ဆုံးမှာမဟုတ်ဘူး အဲဒီကိစ္စကတော့ သို့သော် မူလ NCA ရဲ့ ရည်ရွယ်ချက် က အင်မတန်ကောင်းတယ်၊ အင်မတန်မှ စည်းကမ်းလည်းရှိတယ်၊ သို့သော် NCA ရဲ့ မူလ ရည်ရွယ်ချက်တွေကို တချို့အဖွဲ့အစည်းတွေက ဆုပ်ကိုင်ထားတယ်လို့ ပြောပေမယ့် အဲဒီအတိုင်းပဲ လိုက်နာနိုင်တာ မရှိကြဘူးဗျ။

အဲတာကိုတော့ ကျနော်တော့ သူ့ဘက်ကိုယ့်ဘက် နာစေ၊ သာစေ ပြောတာမဟုတ်ပါဘူး၊ မလိုက်နာနိုင်ကြလို့ပါ၊ စာချုပ်ကတော့ သိက္ခာရှိပါတယ်၊ ဥပဒေစာတမ်းလည်း ဖြစ်ပါတယ်၊ လွှတ်တော်ကလည်း အတည်ပြုပြီးသား စာချုပ်ဖြစ်ပါတယ်၊ ဒါကြောင့် လိုက်နာမယ်ဆိုရင် ဘယ်ဘက်က ဖြစ်ဖြစ်ပေါ့ဗျာ၊ အားလုံးလိုက်နာကြမယ် ဆိုရင်တော့ ဆွေးနွေးမှု ရနိုင်ပါတယ် ဒီ NCA လမ်းကြောင်းပေါ်က ဆွေးနွေးလို့ ရနိုင်ပါတယ်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းနဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်

CNI သတင်းဌာန     ။            ။ ဒီလို နိုင်ငံတကာ အသိသက်သေတွေ ပါဝင်လက်မှတ်ထိုးထားတဲ့ NCA စာချုပ် တောင် လွယ်လွယ်နဲ့ ဖောက်ဖျက်ခံရတော့ တပ်မတော်နဲ့ လက်နက်ကိုင်တွေ ၂ ဦးတည်း သီးသန့်ချုပ်ဆိုတဲ့ စာချုပ်တွေကရော လွယ်လွယ်နဲ့ဖောက်ဖျက်မခံရနိုင်ဘူးလား။ ဒီလိုဖြစ်နေရင် မြန်မာ့ငြိမ်းချမ်းရေးက ဘာထူးမလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။           ။ ဖောက်ဖျက်ခံနိုင်တာပေါ့၊ သို့သော်လည်းပဲ အခုနောက်ပိုင်း အပစ်ရပ်တွေက တရုတ်က ကြားဝင်တယ်၊ တရုတ်က သက်သေအဖြစ်နဲ့ပါတယ် သူဘယ်‌လောက် ထိန်းနိုင်မလဲ ကြည့်ရမှာပေါ့ဗျာ၊ ခက်တာက အရင် ကျနော်တို့ ဒီမှာ သက်သေလို့ခေါ်တဲ့ အဖွဲ့အစည်းက ၆ ခုပါပါတယ်၊ အဖွဲ့အစည်း ၂ ခုကတော့ UN နဲ့ EU ပေါ့၊ နိုင်ငံအနေနဲ့ကတော့ တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ ထိုင်းပေါ့။

သို့သော် အဲဒီတုန်းက သူတို့ကို သက်သေမှာထားပြီးတော့ သူတို့ရဲ့ ရှေ့မှောက်မှာ လက်မှတ်ထိုးတာ မှန်ကန်ပါ တယ်ဆိုတဲ့လောက်ပဲ အကယ်၍ အကောင်အထည်မဖော်ဘူး တစ်ဖက်ဖက်က ဖောက်ဖျက်ခဲ့သော် အရေးယူ ဆောင်ရွက်နိုင်တဲ့ Mechanical(ယန္တရား)က မပါဘူး၊ မပါတဲ့အခါကျတော့ သက်သေက သက်သေပဲဖြစ်ပြီးတော့ ဝင်ရောက်စွက်ဖက်ဖို့၊ ကြားဝင်ဖို့၊ စေ့စပ်ဖို့၊ နှိုးဆော်ဖို့၊ သတိပေးဖို့ ဆိုတာတွေက မပါဘူးဗျ။

အဲဒီ မပါတဲ့ဟာက အားနည်းချက်ဖြစ်ပြီးတော့ သက်သေတွေက ဒီတိုင်းထိုင်ကြည့်နေရတဲ့ သဘောမျိုး ဖြစ်နေ တယ်၊ ကျနော်တို့ စဆွဲတုန်းက EAO တွေ ဘက်ကတော့ တင်ပြတာက ဒီသက်သေတွေကို သက်သေလို့ပဲ မထားနဲ့ လိုအပ်ရင် ကြားဝင်ဖြေရှင်းတဲ့ ပြဿနာပေါ်ရင် ကြားဝင်ဖြေရှင်းတဲ့ အခွင့်အာဏာပေးပါလို့ ကျနော်တို့ တောင်းဖူး တယ်၊ အဲတုန်းက ဦးသိန်းစိန် အစိုး‌ရ‌အောက်က ဆွေးနွေးရေး အဖွဲ့တွေက လက်မခံကြဘူးဗျ၊ သက်သေရိုးရိုးပဲ ထားပါ၊ မိမိတို့ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးသည်မှာ မှန်ကန်ကြောင်းဆိုတာ ဒီလောက်ပဲထားပါ ဆိုပြီးတော့ လျှော့ချလိုက်တော့ သက်သေတွေရဲ့ အဆင့်ကို လျှော့ချလိုက်တဲ့ အခါကျတော့ လုပ်ပိုင်ခွင့်က မရှိဘူး။

ဒါကြောင့် လုပ်ပိုင်ခွင့် မရှိတဲ့အခါကျတော့ အခု ဘက်ပေါင်းစုံပေါ့ သူဖောက်ငါဖောက် ဖောက်ကြတဲ့အခါကတော့ ဘယ်သူ့ကို တိုင်လို့တိုင်ရမှန်း မသိဘူး ဖြစ်သွားတယ်၊ အဲဒီမှာ ကျနော်တို့ အားနည်းချက်ဖြစ်တယ်ဗျ၊ ဒါကြောင့်‌ နောက်နောင် ဒီ ၂ ဖွဲ့ချင်းပဲ ထိုးထိုးပေါ့ဗျာ၊ သက်သေခိုင်ခိုင်မာမာနဲ့ ဖောက်ဖျက်လို့ရှိရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ ဟာမျိုး နောက်ပြီးတော့ ခိုင်မာတဲ့ တတိယ အင်အားစုပေါ့၊ ဥပမာ-ကျနော်တို့ အရင်ရှိပြီးသား ကူမင်းဆွေးနွေး ပွဲတွေမှာ ဖြစ်လာတဲ့ဟာတွေမှာ တရုတ်က ကြားကနေပြီးတော့ Data ယူထားတယ်ဆိုရင်တော့ ဒါမျိုးတွေက စာချုပ်တွေက နည်းနည်း ခိုင်မာနိုင်တာပေါ့ဗျာ။