CNI Interview
၂၀၂၅ ခုနှစ်၊ မတ်လ ၃
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှာ ပေါ်ပေါက်လာသည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် ရွေးကောက်ပွဲ ကျင်းပရန် နိုင်ငံရေးပါတီတချို့နှင့် နစကမှ ကြိုးပမ်းနေသည်။
သို့သော် နစကသည် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်အတွင်း ကျင်းပမည်ဟုသာ ပြောကြားထားပြီး မည်သည့် နေ့ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အတိအကျ မပြောသည့်အတွက် ရွေးကောက်ပွဲ ဖြစ်/မဖြစ် မည်သူမှ မပြောနိုင်ဘဲ ဖြစ်နေသည်။
တချို့ကတော့ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဆိုသည်ထက် ပိုမိုဆိုးရွားသွားနိုင်ကြောင်း ထောက်ပြလျက်ရှိသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။
နိုင်ငံရေးပါတီများနှင့် နစကဥက္ကဋ္ဌတွေ့ဆုံစဉ်
CNI သတင်းဌာန ။ ။ တချို့က ရွေးကောက်ပွဲလုပ်စေချင်ကြတယ်။ ရွေးကောက်ပွဲလုပ်ရင် အာဏာ ၃ ရပ်ကို SAC တစ်ယောက်တည်း ကိုင်ထားတာကနေ ကွဲသွားမယ်။ တချို့ကြတော့ ရွေးကောက်ပွဲပြီးနောက် နိုင်ငံရေး အနေအထား ပိုပြီးဆိုးနိုင်တယ်လို့ ဆိုကြတယ်။ ဒီအခင်းအကျင်းအားလုံးကို ဖြေရှင်းနိုင်မယ့် ရွေးကောက်ပွဲ ပုံစံမျိုး ရှိနိုင်လား။
ဦးစိုင်းညွန့်လွင် ။ ။ အခုက မြို့နယ် ၁၀၀ လား, ၁၁၀ လားမသိဘူး ပြင်ဆင်ထားတယ်။ လက်တွေ့ကတော့ ဘယ်လောက် ဖြစ်နိုင်မလဲ မပြောတတ်ဘူး။ အခုက ရွေးကောက်ပွဲ လုပ်ဖို့အတွက်ဆိုရင် လုံခြုံရေး ပြဿနာရှိ တယ်။ ရွေးကောက်ပွဲက လုံခြုံရေးမကောင်းဘူး။ အားလုံးအယူအဆ အမျိုးမျိုးပေ့ါ။
တချို့ကလည်း အာဏာကြီး ၃ ရပ်ကို တစ်ယောက်တည်း ကိုင်ထားတယ်။ ရွေးကောက်ပွဲပြီးလို့ အာဏာခွဲဝေတဲ့ အခါကြရင် သူက အာဏာတွေ ခွဲသွားမယ်ပေါ့။ အဲဒီကြရင် အခုထက် ပိုကောင်းမယ်လို့ မြင်ကြတာ ရှိပါတယ်။
တချို့ကြတော့လည်း ဒီရွေးကောက်ပွဲက ပြည့်ပြည့်စုံစုံမရှိဘူး။ တပ်မတော်ဘက်က စိုးမိုးထားတဲ့ နယ်မြေတွေမှာပဲ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အခါကြတော့ မမျှတဘူးလို့ ထင်ကြတယ်။ အမျိုးမျိုးပေါ့။ ကျနော့် အယူအဆ ကတော့ နိုင်ငံရေး ဆွေးနွေးပွဲ အရင်ရှိဖို့လိုတယ်။ နိုင်ငံရေးဆွေးနွေးပွဲကရတဲ့ သဘောတူညီချက်အတိုင်း ရွေးကောက်ပွဲမျိုးက အခု မြန်မာပြည်ရဲ့ ပြဿနာထဲက တချို့ပြဿနာ တော်တော်များများကို ဖြေရှင်းပြီးသား ဖြစ်သွားမယ်လို့ ယူဆတယ်။
CNI သတင်းဌာန ။ ။ နိုင်ငံရေးဆွေးနွေးမှုကနေ ရလာတဲ့ သဘောတူညီချက်အတိုင်း ရွေးကောက်ပွဲ လုပ်မယ်ဆို ဘယ်လို ရွေးကောက်ပွဲမျိုး ဖြစ်လာနိုင်မလဲ။
ဦးစိုင်းညွန့်လွင် ။ ။ အဲဒါ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်တာပေါ့ သဘောတူညီချက်ရပြီ ဆိုရင် တော့။ သဘောတူညီတဲ့ လူတွေချည်းပဲ အများစု အဲဒီလို လုပ်တာလည်း ဖြစ်နိုင်တာပေါ့။ အခုကတော့ အတိုက်အခံတွေက သိပ်မများဘူး မရှိသလောက်ပဲ။ အခုကတော့ ဘက်တစ်ဖက်တည်းကိုပဲ အားပေးတဲ့ လူတွေပဲ လုပ်နေကြတဲ့ သဘောဖြစ်တယ်။
NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပစဉ်
CNI သတင်းဌာန ။ ။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အရင်မလုပ်ဘဲနဲ့ SAC ရဲ့ သဘောဆန္ဒအတိုင်း ရွေးကောက်ပွဲ လုပ်ခဲ့ရင် အဲဒီနောက်ပိုင်း တက်လာမယ့် အရပ်သားအစိုးရ လက်ထက်မှာ လက်ရှိ နိုင်ငံရေး အနေအထားကို ထိန်းနိုင်ဖွယ်ရှိမလား၊ ဆိုးရွားနိုင်ဖွယ်ရှိမလား။
ဦးစိုင်းညွန့်လွင် ။ ။ သူက အခက်အခဲက ဘာအခက်အခဲလဲဆိုတော့ တစ်နိုင်ငံလုံးကို ခြုံပြီးတော့ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့အတွက် အများစု လုပ်နိုင်ရင် မဆိုးဘူးပေါ့။ အခုက ၃ ပုံ ၁ ပုံလောက်ပဲ လုပ်နိုင် မယ်ဆိုရင် တစ်နိုင်ငံလုံးကို မလွှမ်းခြုံနိုင်ဘူး။
မလွှမ်းခြုံနိုင်တော့ အဲဒီကတက်လာတဲ့ အစိုးရရဲ့ ဩဇာအာဏာပေါ့။ သူ့ကို အသိအမှတ်ပြုမှုတွေ အခက်အခဲ ရှိနိုင်တာပေါ့။
CNI သတင်းဌာန ။ ။ ဒါဆို ပါတီစုံ ပါဝင်နိုင်မယ့် ရွေးကောက်ပွဲမျိုး SAC အနေနဲ့ ပြင်ဆင်သင့်တာပေါ့။
ဦးစိုင်းညွန့်လွင် ။ ။ ဒါပေါ့ အဲဒီလိုမျိုး ဖြစ်ရမှာပေါ့။ သူ့ဘက်ကလည်း အခက်အခဲရှိမှာပေါ့။ ဒါပေမယ့် ကြိုးစားရမှာပေါ့။
CNI သတင်းဌာန ။ ။ ၂၀၀၈ အရ ဖြေရှင်းဖို့ အဆင်မပြေတာတွေ တွေ့ရတယ်။ တိုင်းရင်းသား လက်နက် ကိုင်တွေက ၂၀၀၈ ကို ဖျက်ပြီး/ ဖယ်ပြီးတော့မှ ဆွေးနွေးချင်ကြတယ်။ SAC ဘက်က ကြတော့လည်း ၂၀၀၈ ကို ကိုင်ဆွဲပြီး ဆွေးနွေးနေကြတော့ ငြိမ်းချမ်းရေးက ရောက်သင့်သလောက် ခရီးမရောက်ဘူး။ ဒါကို ဘယ်လို ပြင်ဆင် သင့်လဲ။
ဦးစိုင်းညွန့်လွင် ။ ။ အမှန်တော့ အယူအဆ မတူကြဘူး။ မတူတာကို တူအောင်ရှင်းရမှာပဲလေ။ ၂၀၀၈ က တပ်က ဩဇာများတယ် ဒါကြောင့် လက်နက်ကိုင် တိုင်းရင်းသားတွေက ကြိုက်မှာ မဟုတ်ဘူး။ တပ်မတော်ဘက် ကလည်း သူ့ကို အာဏာတွေ အများကြီးပေးထားတဲ့ ၂၀၀၈ ကို ကိုင်ဆွဲချင်တာပေါ့။ အယူအဆ မတူတာကို ရှင်းမှ ရမှာပေါ့။
CNI သတင်းဌာန ။ ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အရွေ့တစ်ခု ရောက်ဖို့ဆိုရင် နှစ်ဖက်အင်အားစုတွေ အနေနဲ့ ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်မလဲ။
ဦးစိုင်းညွန့်လွင် ။ ။ တွေ့ဆုံဆွေးနွေးရေးပါပဲ။ နှစ်ဖက်ညှိနှိုင်းပြီး ဆွေးနွေးဖို့ပေါ့။ မတူတဲ့လူတွေ တိုက်ရိုက် မဆွေးနွေးနိုင်ဘူးဆိုရင်တောင်မှ တတိယအုပ်စုပေါ့နော် အာဆီယံလိုမျိုး၊ ကုလသမဂ္ဂလိုမျိုး အဲဒီကနေ တဆင့်ဆင့် ဆွေးနွေးရမယ်လို့ ထင်တယ်။
CNI သတင်းဌာန ။ ။ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကရော ဘယ်လို အနေအထားမှာ ရှိနေသေးလဲ။
ဦးစိုင်းညွန့်လွင် ။ ။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်က ထောင်ထဲမှာရှိနေတဲ့ အခါကြတော့ သူ့ရဲ့ အခန်းကဏ္ဍက ဘာမှ မရှိဘူးလေ။ သူ့ကို ထောက်ခံတဲ့လူ၊ အားပေးတဲ့ လူတွေကတော့ ပြန်လွတ်စေချင်တာပေါ့။
သူတို့အတွက်က အားရှိအောင် အဲဒီလိုလုပ်ချင်တာပေါ့။ တစ်ဖက်ကလည်း အဲဒီလိုမျိုး အားရှိအောင်လုပ်ပေးဖို့ မဖြစ်နိုင်ဘူး။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ခေါင်းဆောင်ကို တွေ့ရစဉ်
CNI သတင်းဌာန ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ တော်လှန်ရေး အခင်းအကျင်းက ဘယ်အရွေ့ကို သွားနေတယ် လို့ သုံးသပ်မိလဲ။
ဦးစိုင်းညွန့်လွင် ။ ။ အခု မြန်မာ့နိုင်ငံရေး အခင်းအကျင်းက တော်တော်ဆိုးရွားတဲ့ အနေအထားကို ရောက် သွားပြီ။ အဆိုးရွားဆုံး အခြေအနေကို ရောက်နေပါပြီ။ ကမ္ဘာစစ်ကြီးလိုမျိုး မြို့တွေအများကြီး ပျက်စီးတာ မဟုတ် တောင်မှ တော်တော်လေးကို ထိခိုက်နစ်နာနေပြီ။
အထူးသဖြင့် လူထုတွေမှာ စားဝတ်နေရေး ပြဿနာတွေ ရှိလာတယ်ပေါ့။ လူထုရဲ့ဆန္ဒကို ပြောမယ်ဆိုရင် မြန်မြန် ပြီးစေချင်ကြတာပေါ့။ မြန်မြန်ကောင်းစေချင်ကြတာပေါ့။ ဖြစ်နိုင်ရင်လည်း အားလုံး ပြေပြေလည်လည် ဖြစ်စေချင် ကြတာပေါ့။
CNI သတင်းဌာန ။ ။ လက်ရှိ မြန်မာနိုင်ငံက ပြိုကွဲနိုင်ငံနီးပါး ဖြစ်နေပြီ။ ဒီအနေအထားမျိုးမှာ ကျဆုံးနိုင်ငံ မဖြစ်အောင် ဘယ်လိုထိန်းကျောင်းဖို့ လိုအပ်မလဲ။
ဦးစိုင်းညွန့်လွင် ။ ။ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းဖို့လိုတာပေါ့။ မပြေလည် မချင်းကတော့ ကျဆုံးနိုင်ငံ ဖြစ်နိုင်တယ်။ ပြိုကွဲတဲ့ အနေအထားမျိုး ရောက်လာနိုင်တယ်။ တော်တော်လေး ဆိုးရွားတဲ့ အခြေအနေမျိုးကို ရင်ဆိုင်ရမှာပဲ။
ဘာပဲဖြစ်ဖြစ် အားလုံးပါဝင်တဲ့ state holder တွေ ဒါတွေကို ပြန်စဉ်းစားသင့်တယ်။ နာကျည်းမှုတွေ၊ မုန်းတီး မှုတွေ၊ မခံချင်စိတ်တွေ၊ ကလဲ့စား ချေချင်စိတ်တွေ အဲဒီလိုဖြစ်နေကြတော့ အရမ်းတော့ ခက်တဲ့အနေအထားမျိုး။
KIA နဲ့ TNLA နယ်မြေအငြင်းပွားပြီး ရန်ဖြစ်နေကြစဉ်
CNI သတင်းဌာန ။ ။ ပြိုကွဲနိုင်ငံ၊ ကျဆုံးနိုင်ငံဆိုတဲ့ အနေအထားမျိုးကို ပြည်သူလူထု မြင်အောင် ပြောရမယ် ဆိုရင် ဘယ်လိုပုံစံမျိုးလို့ ပြောရမလဲ။
ဦးစိုင်းညွန့်လွင် ။ ။ အင်အားစုကြီးတွေက တဖြေးဖြေးနဲ့ သူ့နေရာနဲ့သူ သိမ်းပိုက်တဲ့ နေရာတွေ ဖြစ်နေကြ တော့ အင်အားစု သေးသေးလေးဆိုရင်တော့ ပြိုကွဲမှုမရှိဘူး။ ဥပဒေစိုးမိုးမှုတွေ ပျက်သုန်းတာမရှိဘူး။ သို့သော် လည်း အခုက အင်အားစုကြီးတွေ အကြီးကြီးဖြစ်ပြီး နေရာအနှံ့အပြားမှာ ဖြစ်နေတဲ့ ပြိုကွဲနိုင်တယ်လို့ ပြောနိုင်တာ ပေါ့။
လူထုဘက်ကို ကြည့်မယ်ဆိုရင် တနေ့လုပ်အားခက ၄၈၀၀ ပဲရှိတယ်။ တစ်နေ့လုပ်တဲ့ လုပ်အားခက ဆေးလိပ် တစ်ဘူးစာ လောက်ပဲရှိတယ်။ ရေရှည်ကြရင် အိမ်ထောင်စုတစ်ခုက ဘယ်လောက်အထိ ခံနိုင်မလဲ။ တော်တော် လေး အတိဒုက္ခ ရောက်တယ်လို့ ပြောလို့ရတာကိုး။ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့ ပါတီတွေကြတော့လည်း တစ်မျိုး ပေါ့။
CNI သတင်းဌာန ။ ။ လက်ရှိ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခင်းအကျင်းမှာ EAO တွေရဲ့ နယ်မြေစိုးမိုးမှုတွေမှာ အငြင်းပွားလာတဲ့ အကျိုးဆက်တွေ တွေ့ရတယ်။ ဒါတွေက ဘယ်လောက်အထိ ပြင်းထန်လာနိုင်မလဲ။
ဦးစိုင်းညွန့်လွင် ။ ။ လိမ္မာပါးနပ်ဖို့ လိုတယ်လို့ ထင်တယ်။ အခုက တချို့ စစ်တိုက်လို့ရတဲ့ နေရာတွေက ကိုယ့်နေရာ ဆိုပြီးတော့ အဲဒီလိုမျိုး အယူအဆတွေတော့ ရှိတာပေါ့၊ အဲဒါတွေက ပြဿနာအများကြီး ဖြစ်မှာပဲ။ ဒီဟာတွေက ရှမ်းမြောက်မှာလည်း ရှိနိုင်တယ်၊ ရှမ်းတောင်မှာလည်း ရှိနိုင်တယ်။ ကချင်မှာလည်း ရှိနိုင်တယ်။ စစ်ကိုင်းမှာလည်းရှိနိုင်တယ်။ အဲဒီလိုမျိုးအများကြီးရှိတာပေါ့။
ရခိုင်လိုမျိုး လူမျိုးတစ်မျိုးတည်း အများကြီးရှိတဲ့ ပြည်နယ်တွေမှာတောင်မှ အဲဒီလို ပြဿနာတွေရှိတယ်။ ဗမာ လူမျိုးတွေက ထပ်နေကြတယ်၊ ရောနှောနေကြတယ်။ ဆိုတော့ ကိုယ့်တပ် တစ်ခုတည်းက ရတာနဲ့တင် ကိုယ့် လူမျိုး တစ်ခုတည်းက နည်းနည်း ပြောရခက်တယ်။ အဲဒီလိုပြောတယ်ဆိုရင် ဖြေရှင်းရခက်လိမ့်မယ်၊ ပြဿနာတွေ က မပြီးဘဲနဲ့ ဆက်ပြီးတော့ ရှည်ကြာမယ့်သဘောရှိတယ်။
အခုက ကိုယ့်မိသားစု၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အရပ် ဒေသတစ်ခုတည်း ကြည့်နေရင်တော့ ပြဿနာက ပြီးမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံတစ်ခုလုံးကို ခြုံပြီးကြည့်ဖို့လိုတယ် အားလုံးပေါ့။ အဲဒီလိုခြုံကြည့်ပြီးတော့ စေတနာ ထားပြီး ဆောင်ရွက်ရင်တော့ အဆင်ပြေမှာပေါ့။ ဒီလိုမဟုတ်ဘဲ ကိုယ့်အဖွဲ့အစည်း တစ်ခုတည်းအတွက်ပဲ လုပ်ကြ မယ်ဆိုရင်တော့ ပြဿနာတွေက ရှည်ကြာနေဦးမှာပဲ။