CNI Interview

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ရွှေကုက္ကိုလ်မြို့တို့တွင် အွန်လိုင်းငွေလိမ်လည်လုပ်ငန်း(ကျားဖြန့်) အပါအဝင် လူမှောင်ခိုကူးမှုများလည်း ဖြစ်ပေါ်နေသည်။

ထို့ကြောင့် တရုတ်အစိုးရက ထိုင်းအစိုးရကို ဖိအားပေးမှုများ ပြုလုပ်လာပြီး တရုတ်-မြန်မာ-ထိုင်း ပူးပေါင်း၍ နှိမ်နင်းရန် ကြိုးပမ်းလာခဲ့သည်။

ထို့နောက် ထိုင်းအစိုးရကလည်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နှင့် ကရင်နယ်ခြားစောင့်တပ် (BGF)တို့ စိုးမိုးထားသည့် မြဝတီ၊ ရွှေကုက္ကိုလ်၊ ဘုရားသုံးဆူမြို့တို့ကို လျှပ်စစ်ဓာတ်အား၊ အင်တာနက်၊ လောင်စာ ဆီတို့ကို ဖြတ်တောက်လိုက်သည်။

အဆိုပါအခြေအနေများနှင့် ပတ်သက်ပြီး ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်ကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

CNI သတင်းဌာန             ။          ။ ကျားဖြန့်နဲ့ပတ်သက်ပြီးတော့ အခုလက်ရှိ လုပ်ဆောင်နေတာရယ်၊ ‌‌ရှေ့လျှောက်လုပ်ဆောင် သွားမယ့်အရာတွေကို သိလိုပါတယ်။

ဗိုလ်ချုပ်စောဆန်းအောင်  ။         ။ နာမည်ကြီးတဲ့ ကျားဖြန့်ကိုတော့ ကျနော်တို့ ပျက်စီးယိုယွင်းအောင် အမှုန့်ချေ ဖို့ပဲရှိမှာဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကျားဖြန့်ဆိုတာ နာမည်ဆိုးကြီး ဖြစ်နေတယ်လေ၊ ကျားဖြန့်ရဲ့အလုပ် အစက ဘာလုပ်လဲဆိုရင် လူသားချင်းချင်း မစာနာဘူး၊ ရက်စက်ကြမ်းကြူတ်တယ် ကျ‌နော်တို့လည်း မသိနေ၊ မကြားရ၊ မမြင်ရဘူးလားနော်။

အခု နာမည်ကြီးလာတဲ့အပေါ်မှာ မူတည်ပြီးတော့ ဒီကျားဖြန့်ဆိုတဲ့အရာဟာ လူသားချင်းကို တကယ့်တကယ် မစာနာတဲ့အလုပ် ဖြစ်နေတယ်ဆိုတာ ထင်ပေါ်လာပြီ၊ ကျော်ကြားလာပြီလေ၊ ဒီဥစ္စာကိုတော့ ကျ‌နော်တို့က တိုက်ဖျက်ရဖို့ပဲနော်။ 

CNI သတင်းဌာန             ။          ။ DKBA က အခုလက်ရှိ မြန်မာ့တပ်မတော်နဲ့ ဘယ်လိုနားလည်မှု ယူပြီး ပူးပေါင်းဆောင်ရွက်ထားလဲ။

ဗိုလ်ချုပ်စောဆန်းအောင်  ။         ။ မြန်မာ့တပ်မတော်နဲ့ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး လုပ်ထားတယ်၊ လုပ်ပြီးတော့ NCA ထိုးထားတယ်၊ အဲဒီနားလည်မှုတော့ ရှိတာပေါ့၊ နောက် သွားသွားလာလာ၊ ကူးလူးဆက်ဆံ မှုတွေ၊ ထိတွေ့မှုတွေ၊ သတင်းပေးမှုတွေ ရှိတယ်ပေါ့၊ အဲလောက်တော့ ရှိတာပေါ့ဗျာနော်။

ထိုင်းဘက်ကို ကျားဖြန့်တွေလွှဲပေးဖို့ စစ်ဆေးနေစဉ်

CNI သတင်းဌာန             ။          ။ ထိုင်းနဲ့ရော ဘယ်လို အခြေအနေရှိပါသလဲ၊ ဘယ်လိုနားလည်မှု ရှိပါသလဲ။

ဗိုလ်ချုပ်စောဆန်းအောင်  ။         ။ နားလည်မှုတော့ အထူးသဖြင့် မရှိပါဘူး၊ သူနေတဲ့နေရာနဲ့ ကျနော်တို့နေတဲ့ နေရာနဲ့ ချောင်းခြားတယ်လေ၊ နားလည်မှုမရှိပါဘူး၊ တစ်ခါတလေ ကျနော်တို့ ဒေသမှာရှိတဲ့ လူတွေ စျေးသွား ဝယ်တာတို့ ဘာတို့ရှိတယ်၊ နောက်ဒီဘက်က ထွက်တဲ့သီးနှံတွေ ဟိုဘက်ကို သွားရောင်းတာရှိတယ်၊ သီးနှံဆိုတာ ပြောင်းတို့ဘာတို့၊ မန်ကျည်းသီးတို့ ဘာတို့ အဲလိုသွားရောင်းတာ ရှိတာပေါ့နော်။

တကယ်တမ်း ကျနော်တို့မှာ အခက်အခဲ ရှိတာကလည်း အဲဒီလူတွေ လွှဲပြောင်းတဲ့နေရာမှာ အခက်အခဲရှိတယ်၊ လူအုပ်နဲ့ပြောင်းရင်းနဲ့ ကျ‌နော် တို့ လဝက ပေါ့လေ၊ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဥပဒေ လဝက-ကို လွှဲပြောင်းရမယ်၊ လူကလည်း များတဲ့အခါကျတော့ အဲလိုပြောင်းဖို့လည်း သယ်ယူပို့ဆောင်‌ရေး လမ်းကြောင်းကလည်း အခက်အခဲ ရှိတော့လေ၊ ကျနော်တို့က ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းကိုပဲ လွှဲပြောင်းခဲ့တယ်ပေါ့လေနော်၊ လူကများတော့ ဒီကနေ ပို့ဖို့ဆိုတာ အခက်အခဲရှိလို့လေ၊ ထိုင်းဘက်ခြမ်းကိုပဲ လွှဲလိုက်တာပေါ့ အဲလိုဖြစ်သွားတယ်၊ အမှန်မှန်တော့ ဒီဘက်က လွှဲဖို့ ကြိုးစားကြည့်တယ်၊ ဒီဘက်ကလွှဲဖို့က ကိုယ်လည်း အဆင်မပြေတော့ နီးစပ်ရာလွှဲလိုက်ရတာ ဖြစ်တယ်၊ သူတို့လာတော့လည်း ဟိုဘက်ကမ်းပဲ လာတယ်လေ၊ ဟိုဘက်ကမ်းကလာတော့ ဟိုဘက်ကမ်းက ပြန်တော့လည်း ဘာအခက်မှမရှိဘူး၊ ဘာအပန်းမှ မကြီးဘူး၊ ဥပဒေ တိတိကျကျ ကျနော်တို့လည်း မသိရ၊ မဖတ်ရ အဲတာတွေလည်း ရှိတာပေါ့။

CNI သတင်းဌာန             ။          ။ ကျားဖြန့်တွေကို တရုတ်ဘက်ကနေ တောင်းလာပြီဆိုရင်ရော DKBA ဘက်က ဘယ်လိုပုံစံနဲ့ ပို့ပေးမယ်လို့ စဥ်းစားထားပါသလဲ။

ဗိုလ်ချုပ်စောဆန်းအောင်  ။         ။ တရုတ်တောင်းတိုင်း ကျနော်တို့ မပို့ပါဘူး၊ တရုတ်က ကျနော်တို့ကို ထမင်း ကျွေးတာမှ မဟုတ်တာ၊ ကိုယ့်ထမင်း ကိုယ်လုပ်စားနေရတာ၊ သူတောင်းတိုင်း ကျနော်တို့ ပို့ရအောင် သူက ကျနော်တို့ကို ထမင်းကျွေးတာမရှိဘူးလေ။

တရုတ်ပြည်သူ့လုံခြုံရေးဒုဝန်ကြီး မြဝတီမြို့က ကျားဖြန့်တွေကို တွေ့ဆုံစဉ်

CNI သတင်းဌာန             ။          ။ ကျားဖြန့်ကို အကြောင်းပြပြီးတော့ ဆရာတို့ဒေသကို “ဝ”တို့ ကိုးကန့်လိုမျိုး ဝင်သိမ်းလာမယ်ဆိုရင်ရော ဘယ်လိုဖြစ်သွားနိုင်လဲ၊ အဲဒီအခြေအနေကို ဘယ်လိုရင်ဆိုင်ဖို့ စဥ်းစားထားပါသလဲ။

ဗိုလ်ချုပ်စောဆန်းအောင်  ။         ။ “ဝ” တို့မှာက တရုတ်နဲ့လည်း နီးတယ်လေ၊ တရုတ်ပြည်မှာ သူတို့သွားလာ နေရတယ်လေ၊ အဲတာတွေ ရှိတာပေါ့။ 

CNI သတင်းဌာန             ။          ။ ထိုင်းဘက်က မီးဖြတ်တဲ့အခါမှာ ဒီဘက်က ပြည်သူတွေက လာပြီး ထိခိုက်နေတယ်၊ ဒါတွေကို‌ရော ဘယ်လို လုပ်ဆောင်ပေးတာမျိုး ရှိသလဲ။

ဗိုလ်ချုပ်စောဆန်းအောင်  ။         ။ မီးဖြတ်တာတော့ ပြန်ကြည့်မယ်ဆိုလို့ရှိရင် နည်းနည်း လူသားချင်း မစာနာပဲ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တစ်ခုပဲ၊ ဒီမှာရှိတဲ့ လူထုဦးရေနဲ့ ကျားဖြန့်လုပ်ငန်းနဲ့ လူဦးရေကွာ တယ်လေ၊ တကယ်တမ်းကျတော့ ဒီလောက် ရိုက်ခတ်ကျော်ကြားတဲ့ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး အဲလိုပြန်ကြည့်မယ် ဆိုလို့ရှိရင် သူဖြတ်စရာအကြောင်း မရှိဘူး၊ တကယ်လုပ်တဲ့သူပဲ သူနှိမ်နင်းရမှာ၊ လာတဲ့ လူတွေက သူ့နိုင်ငံက ဖြတ်ကျော်ပြီး လာတဲ့ဥစ္စာကြီးဟာနော်။

CNI သတင်းဌာန             ။          ။ ထိုင်းက BGF ခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေ လုပ်ဖို့ရှိ နေတယ်၊ DKBA ခေါင်းဆောင်တွေကိုလည်း ဖမ်းဖို့အတွက် ပြောလာတာတွေ ရှိတယ်၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တော့ရော ဆရာ့အနေနဲ့ ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။

ဗိုလ်ချုပ်စောဆန်းအောင်  ။         ။ ဘာမှအထူးသဖြင့် မတုန့်ပြန်ဘူး၊ လောကကြီးရဲ့ သ‌ဘောက ကိုယ်ညံ့ရင် ကိုယ်ခံရမှာပဲ၊ ထိုင်းက တကယ်လို့ အပြစ်ရှိတယ် ဟုတ်တယ်၊ မှန်တယ်ဆိုရင် အချက်အလက် အထောက်အထား ပြနိုင်ရင်တော့ သူဖမ်းမှာပေါ့၊ နောက်ဆုံး တစ်ခုနားလည်ဖို့က သူဖမ်းတတ်ရင် ကိုယ်လည်းဖမ်းတတ်တယ်၊ သူ လုပ်တတ်ရင် ကိုယ်လည်း လုပ်တတ်တယ်ဆိုတာလည်း သိဖို့လိုတာပေါ့ဗျာ၊ ဒါစစ်သားစကားနဲ့ ပြောတာလေ။  

CNI သတင်းဌာန             ။          ။ နောက်ဆုံး အဲဒီဒေသကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်တာရှိပါ သလဲ။

ဗိုလ်ချုပ်စောဆန်းအောင်  ။         ။ ဒီဒေသ အကြောင်းအရာကတော့ အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်ပေါ့ လေ၊ အေးချမ်းမလို သာယာမလိုနဲ့ မိုင်းသံ၊ ဗုံးသံတွေ ကြားနေရတာတော့ လူထုအတွက်တာ့ စိတ်မကောင်းဘူးပေါ့ နော်။