CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄

လာမည့် ၂၀၂၅ ခုနှစ်တွင် အလွတ်သဘော တွေ့ဆုံပွဲများ ဆက်တိုက်ပေါ်လာနိုင်ပြီး NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ အရေးပါလာနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် NCA လက်မှတ် မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အလွတ် သဘော တွေ့ဆုံဆွေးနွေးမှုများ စတင်နေပြီဖြစ်သောကြောင့် လာမည့်နှစ်တွင် NCA ထိုးထားသည့် အဖွဲ့အစည်း များ၏ အခန်းကဏ္ဍမှာလည်း အရေးပါလာနိုင်သည်ဟု ယူဆခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “၂၀၂၅ ခုနှစ်ရဲ့ ထူးခြားချက်က ရွေးကောက်ပွဲဖြစ်တယ်။ ရွေးကောက်ပွဲ မတိုင်ခင် အလွတ် သဘော တွေ့ဆုံမှုတွေ ဖြစ်လာပြီ။ အခုဆိုရင် လက်နက်ကိုင်ထားတဲ့ တိုက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အလွတ် သဘော စတင်နေပြီ။ မကြာခင်မှာ NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍလည်း အရေးပါလာမယ်လို့ ယူဆပါတယ်။ အခု NCA မထိုးဘဲနဲ့ တိုက်နေတဲ့ အဖွဲ့တွေရှိတယ်။ NCA ထိုးပြီးမှ NCA ကို ဖျက်ပြီး ပြန်တိုက်နေတဲ့ အဖွဲ့တွေရှိတယ်။ ၂ မျိုး ၂ စားရှိတယ်။ လောလောဆယ် NCA မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ စပြီး စကားပြောနေပြီ။ မကြာခင်မှာ NCA ထိုးထားတယ်။ သို့သော် ပြန်တိုက်တဲ့ ဥပမာ KNU တို့လို၊ CNF တို့လို NCA ထိုးပြီးတာကို ဖျက်ပြီး ပြန်တိုက်နေတော့ အဲဒီအဖွဲ့တွေကလည်း ဒုတိယအဆင့်မှာ ဆွေးနွေးသွားလိမ့်မယ်လို့ ယူဆတယ်။ အနိမ့်ဆုံး ကျနော်တို့ တရုတ်က ကြားမဝင်ရင်တောင် အိန္ဒိယတို့၊ ထိုင်းတို့ ကြားဝင်ပြီး စီစဉ်ပေးခြင်း အားဖြင့် အလွတ်သဘော တွေ့နိုင်ခြေရှိပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၅ က အလွတ်သဘော တွေ့ဖို့ပွဲတွေက တရုတ်မှာ သော်လည်းကောင်း၊ အိန္ဒိယမှာသော်လည်းကောင်း၊  ထိုင်းမှာသော်လည်းကောင်း ဆက်တိုက် ဖြစ်ပေါ် လာ နိုင်မယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

NCA လက်မှတ်ထိုးခြင်း နှစ်ပတ်လည် အခမ်းအနားကျင်းပစဉ်

တရုတ်သည် NCA လက်မှတ် မရေးထိုးထားသည့် မြောက်ပိုင်း ၃ ဖွဲ့(TNLA-MNDAA-AA)အပါအဝင် KIA တို့ဖြင့် ဒီဇင်ဘာလအတွင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသလို နစကဘက်မှလည်း ကိုးကန့်တပ်(MNDAA)နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များအကြား NCA ပျက်ခြင်း၊ မပျက်ခြင်းအပေါ် ငြင်းခုန်မှုများရှိခဲ့ကြသည်။

သို့သော် NCA လက်မှတ် ရေးထိုးထားကြသည့် 7 EAO Alliance အနေဖြင့် လက်ရှိ ကြုံတွေ့နေရသည့် ၃ နှစ်ကျော် ကြာ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာသော အကြပ်အတည်းကို သက်ဆိုင်သူ အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲဖြင့် အဖြေရှာခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း 7 EAO Alliance ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA ထိုးကြစဉ်

၎င်းက “တွေ့ဆုံဆွေးနွေး တယ်ဆိုတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာ အမြင်ကတော့ အမျိုးမျိုးရှိမှာပဲ။ သို့သော်လည်း ဒီပြဿနာတွေ အခက်အခဲ အကြပ်အတည်းတွေ အားလုံးသည် နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ အတွက်ကြောင့် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ မရှင်းဘဲနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာတဲ့ နိုင်ငံရေး ယဉ်ကျေးမှုအသစ် တည်ဆောက်ပြီး ကြိုးပမ်းဆောင်ရွက်ခြင်းကသာ အခက်အခဲမျိုးစုံကြားက စတင်ပြီး စကားပြောဆိုလာနိုင်တယ်၊ ထိတွေ့ပြောဆိုလာနိုင်တယ်၊ ဆွေးနွေး လာနိုင်တယ်ဆိုတာကတော့ အစပြု ခြေလှမ်း ကောင်းတစ်ခုလို့ ရှုမြင်ချင်တယ်။ ကျနော်တို့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့လို့ ပြောတာထက် ဒီအချိန်မှာ‌တော့ အဲဒီလို မပြောချင်ပါဘူး။ NCA  ဆိုတာက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ဖြစ်တယ်။ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းက စပြီးတော့ NCA ရှိခြင်း၊ မရှိခြင်းက နောက်မှ အငြင်းအခုန်လုပ်” ဟု ပြောသည်။

NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ရှိခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဆို သည့် နာမည်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြသည်။

သို့သော်  ၂၀၂၁ ခုနှစ်နောက်ပိုင်း အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပြီး ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့က NCA ပျက်သွားပြီဟုပြောကာ နစကကို လက်နက်ကိုင် ဆန့်ကျင်ရန်ဆုံးဖြတ်ပြီး ယနေ့ အထိ တိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်။