CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၅

ယခင် နစက လက်ထက်က ဖွဲ့စည်းခဲ့သည့် ငြိမ်းချမ်းရေးဖော်‌ဆောင်ရေး ကော်မတီများကို ဖျက်သိမ်းပြီး အသစ် ပြန်လည်ဖွဲ့စည်းရာတွင် အဓိကကျသည့် လူပုဂ္ဂိုလ်များအား မပြောင်းလဲသင့်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

နစကမှ ဖွဲ့စည်းပေးထားသော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ(NSPNC) အပါအဝင် ကော်မတီ၊ ကော်မရှင်၊ အဖွဲ့အစည်း စုစုပေါင်း ၁၉၄ ခုကို ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့ သည်။

ထိုသို့ NSPNC ကို ဖျက်သိမ်းပြီးနောက် အသစ်ပြန်လည် ဖွဲ့စည်းမည်ဆိုသော်လည်း အဓိကကျသည့် လူပုဂ္ဂိုလ်များ ကို မပြောင်းသင့်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA.S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့လည်း အဲဒါတွေ့စကတော့ စိတ်ပူတာပေါ့။ ဘယ်လိုဖြစ်တာလဲ။ ကျနော်တို့ရဲ့ NCA လက်မှတ် ထိုးတဲ့ အဖွဲ့တွေအတွက် Dialogue partner ဆိုတာရှိတယ်လေ။ ကိုယ့်ပါတနာတွေ ပျောက်ကုန်ပြီလားပေါ့။ မဟုတ်ပါဘူးတဲ့ သူတို့ပြောတာကတော့ အမြန်ဆုံး ပြန်ဖွဲ့မှာပါတဲ့။ ဒါက ဟိုးမူလ အစိုးရအဟောင်းတုန်းက ကောင်စီအစိုးရ လုပ်ထားတုန်းက ဟာတွေကို ဖျက်တာပါတဲ့။ မကြာခင်အားလုံးကို လိုအပ်သလို ပြန်ဖွဲ့သွားမှာ  ဖြစ်ပါတယ်တဲ့။ ဖျက်သိမ်းတယ်လို့ ကြေညာပေမယ့်လည်း အလုပ်ကတော့ အဲဒီက အဖွဲ့ဝင်တွေက ပုံမှန် လုပ်နေ ကြတာ တွေ့ရပါတယ်။ လူပြောင်းရင်တော့ ရှိတာပေါ့။ လူက အဓိကကျတဲ့ လူတွေကိုတော့ မပြောင်းသင့်ဘူးပေါ့။ ဘေးက အစွယ်အပွား အရံလူတွေကတော့ အသွင်းအထုတ် လုပ်ချင်လုပ်မှာပေါ့။ သို့သော်လည်းပဲ မူလ Dialogue partner အဖြစ် ရပ်တည်လာတဲ့ ခေါင်းဆောင်တွေကတော့ အတွေ့အကြုံရှိတယ်။ ရင်းနှီးမှုရှိတယ်။ ယုံကြည်မှု ရှိတယ်။ ဒါတွေက ဘာနဲ့မှ လဲလို့မရတော့ ဒီခေါင်းဆောင်တွေကိုပဲ ပြန်ထားမယ့် ပြန်တာဝန်ပေးမယ့်သဘော တွေ့ရပါတယ်” ဟု ပြောသည်။

NSPNC ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက ပြင်ဆင်ဖွဲ့စည်းခဲ့စဉ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးကော်မတီများသည် အစိုးရအပြောင်းအလဲ ဖြစ်သည့်အခါတွင် အသစ်ပြန်လည် ဖွဲ့စည်းကြလေ့ရှိ သည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)တို့ကို ဖွဲ့စည်းခဲ့ကာ ဆောင်ရွက်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဖျက်သိမ်း၍ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် ငြိမ်းချမ်းရေးကော်မရှင်(PC)ကို ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ထို့နောက် နစက လက်ထက်တွင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ(NSPNC) အဖြစ် ပြောင်းလဲခဲ့ကြသည်။

ဦးသိန်းစိန် လက်ထက်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား အရေးတကြီး လိုအပ်သည့် နှစ်ဖက် အပြန်အလှန် ယုံကြည်မှုမှာ မြင့်မားသဖြင့် အချက်အလက် အများဆုံးဖြစ်သော NCA စာချုပ် ပေါ်ပေါက်လာ အောင် လုပ်နိုင်ခဲ့ကြသည်ဟု 7EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

အဖွဲ့အစည်းအသစ် ပြင်ဆင်ဖွဲ့စည်းသည့် အခါမျိုးတွင် ယုံကြည်မှုကို ပြန်လည် တည်ဆောက် ရသည့်အတွက် အခက်အခဲများ ရှိကြောင်းလည်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးစောကျော်ညွန့်က  “NCA စာချုပ် ပေါ်လာပြီးတော့ NCA ကို ပြုစုကြိုးပမ်းရေးဆွဲခဲ့တဲ့ ခေါင်းဆောင် တွေက ဒီဘက်အစိုးရ အကူးအပြောင်းမှာ မပါလာတော့ဘူး။ NLD အစိုးရလက်ထက် ၂၀၁၅-၂၀၁၆ မှာ လုပ်တဲ့ အခါကြတော့ အခက်အခဲရှိပါတယ်။ ခုနက ယုံကြည်မှုပေါ့။ ကိုယ်နဲ့အမြဲတမ်းတွဲနေတဲ့ လူတွေက ယုံကြည်မှုတွေ ရှိလာပြီးမှ နောက်ထပ် အသစ်ထပ်ဖွဲ့တဲ့ အသစ်တွေနဲ့ ပြန်လုပ်ရတော့ ခုနက ယုံကြည်မှုကလည်း ပြန်လည် တည် ဆောက်ရတာနဲ့ ပြန်လည် ကြိုးပမ်းရတာနဲ့ဆိုတော့ အခက်အခဲတွေလည်း ရှိပါတယ်။ အစကတည်းက ကြိုးပမ်း လာတဲ့လူ မဟုတ်ဘဲနဲ့ နောက်ထပ် လူအပြောင်းအလဲ ဖြစ်လာတဲ့အခါမှာ သူတို့ အချင်းချင်းကြားမှာ ညှိနှိုင်း ဆွေးနွေးရမယ့် လုပ်ငန်းစဉ်တွေလည်း အများကြီး ကျယ်ကျယ်ပြန့်ပြန့် ရှိနေမှာဖြစ်သလို ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း အဲဒီကိစ္စတွေ ပြန်လည် အကောင်အထည် ဖော်နိုင်ဖို့ ခုနက ယုံကြည်မှု တွေ အဲဒါတွေကို ပြန်တည်ဆောက်ဖို့ဆိုတာ ကမန်းကတမ်း အချိန်ယူလို့မရတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ အတွက် ကြောင့်မို့လို့ အပြောင်းအလဲ ဖြစ်တာနဲ့အညီ ကျနော့်အနေနဲ့ အခက်အခဲရှိတယ်လို့ ပြောပေမယ့် နာမည်ပြောင်းပေ မယ့် မူလကတည်းက ပါဝင်ဆောင်ရွက်ခဲ့တဲ့လူတွေ ပါဝင်‌ဆောင်ရွက် နိုင်တယ်ဆိုရင်တော့ အခက်အခဲကြားထဲက လွယ်ကူစေတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်နိုင်တယ်လို့ အတွေ့အကြုံ ကြုံတွေ့ရတာရှိပါတယ်” ဟု ပြောသည်။

NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်ကို တွေ့ရစဉ် 

လက်ရှိ ကာ/လုံမှ ဖျက်သိမ်းသည့် အထဲတွင် အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ(NSPC)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (NSPWC)၊ NSPNC၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ(EAOs) နှင့် တွေ့ဆုံဆွေးနွေးရေးအဖွဲ့တို့ ပါဝင်သည်။

NSPNC ကို ဖျက်သိမ်းလိုက်သော်လည်း အသစ်ဖွဲ့စည်းမှု ပြုလုပ်ရန် စီစဉ်နေကြောင်း၊ NSPNC တွင် ပါဝင်သော ကိုယ်စားလှယ်များ အပြောင်းအလဲ အနည်းငယ် ရှိနိုင်ကြောင်း သိရသည်။

NSPNC သည် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးရသော ကော်မတီဖြစ်သည်။

NSPNC မှာ ပါဝင်ခဲ့သူများမှာ ဥက္ကဋ္ဌအဖြစ် ဒုဗိုလ်ချုပ်ကြီးရာပြည့် (နယ်စပ်ရေးရာဝန်ကြီး)က တာဝန်ယူမည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဒုဗိုလ်ချုပ်ကြီးမင်းနိုင်မှ တာဝန်ယူခဲ့ကြသည်။

ထို့နောက် အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်အောင်ကျော်ကျော်(ပြည်ထဲရေးဒုဝန်ကြီး)၊ ဒုရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး (ရဲချုပ်)၊ ဗိုလ်မှူးကြီး-၁ ဦး(စရဖချုပ်ရုံး)၊ ဗိုလ်မှူးကြီးဝဏ္ဏအောင် (JMC)၊ ဦးလှမောင်ရွှေ၊ ဒုဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန် (ငြိမ်း)၊ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း(ငြိမ်း/ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့-ဥက္ကဋ္ဌ)၊ ဒုဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်၊ ဦးမြင့် ကြိုင်(လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး)၊ ဦးခင်မောင်ရီ (သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး)၊ တို့က တာဝန်ယူခဲ့ကြသည်။