CNI International News
ဒိုဟာ၊ ဩဂုတ် ၁၅
နိုင်ငံတကာ သတင်းအေဂျင်စီများသည် ဂါဇာတွင် ဖြစ်ပွားနေသည့် အခြေအနေများကို သိရှိရန် ဂါဇာ သတင်း ထောက်များအား မှီခိုနေရချိန်၌ အစ္စရေးသည် အယ်လ်ဂျာဇီးယား သတင်းထောက်များကို ပစ်မှတ်ထားနေ ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဩဂုတ် ၁၀ ရက်က အယ်လ်ဂျာဇီးယား သတင်းထောက် တစ်ဦးဖြစ်သည့် အယ်ရှာရစ်ဖ် (Al-Sharif) သည် အစ္စရေး၏ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် တွဲဖက်သတင်းထောက် မိုဟာမက် ခရိုက်ကာ (Mohammed Qreiqeh) ၊ ကင်မရာမန်းများဖြစ်သည့် အီဘရာဟင် ဇာဟာ (Ibrahim Zaher) ၊ မိုဟာမက် နျူဖယ်လ် (Mohammed Noufal) နှင့် မိုအာမန် အလီဝါ (Moamen Aliwa) တို့ သေဆုံးခဲ့သည်။
၎င်းတို့ ၅ ဦးစလုံးသည် အယ်လ်ဂျာဇီးယား သတင်းဌာနမှဖြစ်ပြီး ဂါဇာစီးတီးမြို့ရှိ ရှီဖာဆေးရုံ (Shifa Hospital) တွင် ရွက်ဖျင်တဲထိုးပြီး နေထိုင်ချိန်တွင် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
ဂါဇာမှာ သတင်းယူရင် သေဆုံးသွားသူကို စျာပနာကို တွေ့ရစဉ်
ထိုတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အယ်လ်ဂျာဇီးယား သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ၎င်းတို့၏ ဂျာနယ်လစ် များသည် ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ် ခံရခြင်းဖြစ်ကြောင်းနှင့် သတင်းလွတ်လပ်ခွင့်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အစ္စရေးအာဏာပိုင်များကလည်း အယ်လ်ဂျာဇီးယား သတင်းထောက် အယ်ရှာရစ်ဖ်ကို သတ်ဖြတ်မှုအား လူသိရှင်ကြား ဝန်ခံခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က X လူမှုမီဒီယာတွင် ရေးသားခဲ့ရာ၌ အယ်ရှာရစ်ဖ်သည် အယ်လ်ဂျာဇီးယား သတင်းထောက်အဖြစ် ဟန်ဆောင်ထားသည့် အကြမ်းဖက်သမား တစ်ဦးဖြစ်ကြောင်း၊ သူသည် ဟားမာ့စ် အကြမ်း ဖက်အဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်ကြောင်းနှင့် အစ္စရေးအရပ်သားများနှင့် IDF စစ်သားများကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သူဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အစ္စရေးတိုက်ခိုက်မှုခံလိုက်ရတဲ့ သတင်းထောက်တွေရဲ့ ရွက်ဖျင်တဲကိုတွေ့ရစဉ်
ထို့ပြင် IDF သည် ဟားမာ့စ်အဖွဲ့၏ အတွင်းရေး အချက်အလက်နှင့် အယ်ရှာရစ်ဖ်၏ ပါဝင်သတ်သက်မှုရှိသည့် စာရင်းများကို screenshot များရိုက်ပြီး လူမှုမီဒီယာတွင် တင်ပြခဲ့သည်။
ထို့ပြင် အယ်လ်ရှာရစ်ဖ်သည် မကြာသေးမီ လများအတွင်းက ဟားမာ့စ်အဖွဲ့နှင့် အဆက်အသွယ် ရှိခဲ့သည်ဟုလည်း အစ္စရေးက စွပ်စွဲခဲ့သည်။
အယ်လ်ရှာရစ်ဖ် သေဆုံးခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် BBC သတင်းဌာနကလည်း အယ်လ်ရှာရစ်ဖ်သည် ဂါဇာစစ်ပွဲ မဖြစ်ပွားမီက ဟားမာ့စ်အဖွဲ့၏ မီဒီယာအဖွဲ့၌ အလုပ်လုပ်ခဲ့ဖူးကြောင်း ဖော်ပြခဲ့သည်။
ကုလသမဂ္ဂနှင့် သတင်းထောက်များ ကာကွယ်ရေး ကော်မတီ (CPJ) တို့ကလည်း ဂါဇာတွင် သတင်းထောက်များ ခြိမ်းခြောက်ခံရမှုများ မြင့်တက်နေကြောင်း သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
Source: DW