CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၅

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အနေဖြင့် တံခါးဖွင့်၍ အားလုံးပါဝင်ရေးကို အလေးထား စည်းရုံးသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီး ဝမ်ယိက ပြောသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၄ ရက်က ယူနန်ပြည်နယ်၊ အန်းနင်မြို့(Anning)၌ ၁၀ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံစဉ် ဝမ်ယိက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဝမ်ယိက “ မြန်မာနိုင်ငံအနေဖြင့် ပြန်လည်သင့်မြတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်မိပါကြောင်း၊ တံခါးဖွင့်၍ အားလုံးပါဝင်သော စိတ်သဘောထားရှိပြီး ပြည်သူများ၏ စိတ်ဓာတ်ကို စည်းရုံး ရန် အလေးထားသင့်ကြောင်း၊ ရွေးကောက်ပွဲမှတဆင့် ရည်မှန်းချက် (၃) ရပ်ကို အောင်မြင်စွာ အကောင်အထည် ဖော်သင့်ကြောင်း၊ ပထမတစ်ချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပြီး အပစ်အခတ်ရပ်စဲကာ ပြည်သူများ၏ ဆန္ဒ အတိုင်း နိုင်ငံတော်ကို အုပ်ချုပ်ရန်၊ ဒုတိယတစ်ချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ပြီး အကျယ်ပြန့်ဆုံး သော စည်းလုံးညီညွတ်မှုကိုတည်ဆောက်ရန်၊ တတိယတစ်ချက်မှာ လူမှုရေးသဟဇာတဖြစ်မှုဖြစ်ပြီး ငလျင်ဘေး အလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ရွက်ကာ ပြည်သူများ၏ လူမှု ဘဝ အဆင့်အတန်းကို မြှင့်တင်ရန် ဖြစ်သည်”ဟု ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အားလုံးပါဝင်ရေးဟု သုံးနှုန်းသွားသော်လည်း မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ ပါဝင်ရေးကို ဆောင်ရွက်သင့်သည်ကိုတော့ တိတိကျကျ ပြောမသွားပေ။

ဝမ်ယိသည် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေရာ၌ အတိုက်အခံ အင်အားစုများဖြစ်သလို လူထုထောက်ခံမှုရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုက‌ရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်အမျိုးသားပါတီ(ANP)တို့ ပါဝင်လာရေး လမ်းဖွင့်ပေးသင်ကြောင်း ထောက်ပြခြင်းဖြစ်နိုင်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ပြောသည်။

မြန်မာနဲ့တရုတ် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ ဆွေးနွေးစဉ်

ထို့ပြင် လူထုထောက်ခံမှု ရှိသော နိုင်ငံရေးသမားများကို ဖမ်းဆီးထားခြင်းအား ပြန်လည်စေလွှတ်၍ နိုင်ငံတကာ၏ ပိတ်ဆို့မှုကို ဖယ်ရှားနိုင်ရေး တံခါးဖွင့်သင့်ကြောင်းကို ထောက်ပြခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းတို့က သုံးသပ်နေ ကြသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက “ မြန်မာနိုင်ငံသည် နိုင်ငံတော်အရေးပေါ် အခြေအနေကို ရပ်စဲထားပြီဖြစ်ကာ ယခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အပြုသဘောဆောင်စွာ ပြင်ဆင်လျက်ရှိ ကြောင်း၊ ရွေးကောက်ပွဲကို အေးချမ်းစွာ၊ တည်ငြိမ်စွာ၊ ချောမွေ့စွာနှင့် ယုံကြည်စိတ်ချရစွာ ကျင်းပရန် အားထုတ် သွားမည်”ဟု ပြောသည်။

ထို့နောက် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရန် တရုတ်အဖွဲ့ကို ဖိတ်ကြားလိုကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ကျင်းပသွားမည် ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

သို့သော် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိသော လူထုထောက်ခံမှုရှိသည် နိုင်ငံရေးပါတီများနှင့် ဒီမိုက ရေစီအင်အားစုများကတော့ ရွေးကောက်ပွဲမကျင်းပခင်မှာ အားလုံးပါဝင်သော တွေ့ဆုံ ဆွေးနွေးမှုကျင်းပ၍ နိုင်ငံရေးသဘောတူညီချက်များကို ကြိုတင်ရယူထားပြီးမှသာလျှင် ရွေးကောက်ပွဲလုပ်ရန် တောင်းဆိုလျက်ရှိသည်။