CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၃ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီသည် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ပြောကြားခဲ့သည်။

မစ္စတာဝမ်ယိသည် လာမည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးနိုင်ခြေ ရှိသည်ဟု တရုတ်သံရုံးနှင့်နီးစပ်သူများက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က "တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ ယခုအကြိမ်ခရီးစဉ်သည် တရုတ်-မြန်မာ ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်သည်။ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသည့် အခြေခံမူကို အမြဲတစေလိုက်နာကာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွား၍ မြန်မာနိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပေးအပ်သွားမည်ဖြစ်သည်"ဟု ပြောကြားခဲ့ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။

မစ္စတာဝမ်ယိသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပရန်ရှိသည့် ၉ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု အစည်းအဝေး တက်ရောက်ရန်ရှိပြီး ထိုအစည်းအဝေး ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံသို့ လာ ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းသည် မြန်မာနိုင်ငံသို့ လာရောက် ခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲကိစ္စ၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးကိစ္စများကို ဆွေးနွေးခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ တရုတ်၏ သြဇာ သက်ရောက်မှုရှိသော လက်နက်ကိုင်များ(MNDAA-TNLA)နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားနေသည်။