CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
ကိပ်ဗာဒီအသင်းဂိုးသမား ဗိုဇင်ညာရဲ့ မိခင်ဖြစ်သူဟာ သူ့သား ပါဝင်ကစားမယ့် ကမ္ဘာ့ဖလားအုပ်စု ဒုတိယပွဲကို ကြည့်ရှုဖို့အတွက် အမေရိကန်နိုင်ငံထဲ ဝင်ရောက်ဖို့ ဗီဇာရရှိခဲ့ပါတယ်။
ဗိုဇင်ညာဟာ စပိန်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ကိပ်ဗာဒီအသင်းအတွက် လက်စွမ်း ပြသပြီး ဂိုးကာကွယ်မှု အများအပြား ပြုလုပ်နိုင်ခဲ့တာပါ။
ပွဲအပြီးမှာ ဗိုဇင်ညာက သူ့ရဲ့မိခင်ဟာ သူကစားတဲ့ပွဲကို ကြည့်ဖို့ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ခွင့်ဗီဇာ မရခဲ့ဘူးလို့ ငိုကြွေးပြီး ပြောခဲ့ပါတယ်။
အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ဂျက်ဖ်ဖရီးစ်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ စကားပြောခဲ့ချိန်မှာ ဗိုဇင်ညာရဲ့မိခင် လာမယ့် ကိပ်ဗာဒီအသင်းရဲ့ပွဲကို ကြည့်နိုင်အောင် လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဗိုဇင်ညာကို တွေ့ရစဉ်
ဂျက်ဖ်ဖရီးစ်က ဗိုဇင်ညာရဲ့မိခင် သူ့သားပွဲကို ကြည့်နိုင်ဖို့အတွက် ပေးရမယ့် ငွေကြေးတွေကို ကင်းလွတ်ခွင့်ပေးပြီး ခရီးသွားလာရေး အစီအစဉ်တွေကို လုပ်ဆောင်နေတယ်လို့ ပြောခဲ့တာပါ။
ဗိုဇင်ညာရဲ့ မိခင်ဖြစ်သူက သားဖြစ်သူကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွားရောက် အားပေးရမယ့်အပေါ် ပျော်ရွှင်နေပြီး ပွဲအပြီးမှာ ပွေ့ဖက်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကိပ်ဗာဒီအသင်းဟာ အဖွင့်ပွဲမှာ စပိန်အသင်းနဲ့ သရေကျပြီး သူတို့ရဲ့ပထမဆုံး ကမ္ဘာ့ဖလားရမှတ်ကို ရရှိခဲ့တာပါ။
ကိပ်ဗာဒီအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံး ၂ ပွဲအဖြစ် ဇွန်လ ၂၂ ရက်မှာ ဥရုဂွေးအသင်း၊ ၂၇ ရက်မှာ ဆော်ဒီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
