CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၆
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်နဲ့ FA ဖလား ချန်ပီယံဆုတွေကို ရယူနိုင်ခြင်း ရှိ၊မရှိ အောင်မြင်တဲ့ ရာသီ တစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ နည်းပြဂွာဒီယိုလာက ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဒါဟာ ဆုဖလားတွေ ဘယ်လောက် ရယူနိုင်လဲဆိုတဲ့အပေါ် မူတည်ပါတယ်။ တစ်ခါတလေမှာ ဆုဖလားတွေ ကိုင်မြှောက်ပြီး ရာသီက အောင်မြင်ခဲ့ပါတယ်။ တစ်ခါတစ်လေမှာ ဆုဖလားတွေ ကိုင်မြှောက် နိုင်ပေမယ့် ရာသီက အလွန်ဆိုးရွားခဲ့ပါတယ်။ ဒီရာသီက ကောင်းမွန်တယ်လို့ ကျနော် ရက်သတ္တပတ် အနည်း ငယ်က ပြောခဲ့ပါတယ်။ တကယ်ကို ကောင်းမွန်ပါတယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းကို ဖိအားပေး နေသလို FA ဖလား ဗိုလ်လုပွဲကို ၄ ရာသီ ဆက်တိုက် ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပေမယ့် ကာရာဘောင်း လိဂ်ဖလားမှာ အာဆင်နယ်အသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

မန်စီးတီးကစားသမား တစ်ဦး လေ့ကျင့်ခန်းလုပ်နေစဉ်
မန်စီးတီးအသင်းဟာ FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ရင် ဒီရာသီ ပြည်တွင်းဖလား ၂ ခုကို ရယူနိုင်မှာ ဖြစ်ပေမယ့် နည်းပြ ဂွာဒီယိုလာကတော့ နောက်ထပ် ဆုဖလား ရယူနိုင်ခြင်း ရှိ၊မရှိ အသင်းရဲ့ဒီရာသီက ကောင်းမွန် တယ်လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ FA ဖလားဗိုလ်လုပွဲ ၂ ကြိမ်မှာ ယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းတို့ကို အရေးနိမ့်ထားတာပါ။
ဂွာဒီယိုလာက မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ၂ ကြိမ်ကထက် ပိုပြီးကောင်းအောင် လုပ်နိုင်ဖို့ မျှော်လင့်တယ် လို့လည်း ပြောခဲ့ပါတယ်။
ဒါ့အပြင် ဂွာဒီယိုလာက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေး သတင်းတွေ ထွက်ပေါ်နေချိန်မှာ မန်စီးတီး အသင်းနဲ့ နောက်ထပ် တစ်နှစ်စာချုပ် ရှိသေးတယ်လို့ ပြောခဲ့ပါတယ်။
Source: besoccer
