CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၉

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက တိုက်စစ်မှူး ဟာလန်းရဲ့ ဂိုးသွင်းစံချိန်က မက်ဆီ၊ ရော်နယ်ဒိုတို့အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့် သူဟာ လာမယ့်နှစ်တွေမှာ ပိုပြီးကောင်းလာနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါ တယ်။

ဂွာဒီယိုလာက “ဟာလန်းဟာ မက်ဆီ၊ ရော်နယ်ဒိုတို့လို ကိန်းဂဏန်းတွေ ရှိပါတယ်။ သူတို့တွေဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်၊ ၁၅ နှစ်အတွင်းမှာ အရာအားလုံးကို ထိန်းချုပ်နိုင်ခဲ့တဲ့သူတွေပါ။ ကိန်းဂဏန်းတွေအရ ဆိုရင်တော့ ဒါက ဒီအဆင့်ပါပဲ။ ပွဲပေါင်း ၁၀၀ မှာ ၉၁ ဂိုး သွင်းယူနိုင်ခဲ့တာက ဒီနိုင်ငံ ပရီးမီးယားလိဂ်မှာ မယုံနိုင်စရာကောင်းပါ တယ်။ သူဟာ ပြီးခဲ့တဲ့ရာသီကထက် ပိုပြီးကောင်းမွန်တယ်လို့ ကျနော်ခံစားရပါတယ်။ ယူရိုပြိုင်ပွဲမှာ မပါဝင်ခဲ့တာ က သူ့အတွက် ပိုအနားရခဲ့သလို သူဟာ ပိုကောင်းတယ်လို့လည်း ခံစားရပါတယ်”လို့ ပြောခဲ့တာပါ။ 

မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဟာ မန်စီးတီးအသင်းက ချယ်လ်ဆီးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲဟာ ဟာလန်းအတွက် မန်စီးတီးအသင်း ကစားသမားဘဝ ပွဲပေါင်း ၁၀၀ ပြည့်တဲ့ပွဲဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၉၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပါ။

 ဟာလန်းကိုတွေ့ရစဉ်

အဲဒါကြောင့်လည်း ဂွာဒီယိုလာက ဟာလန်းကို မက်ဆီ၊ ရော်နယ်ဒိုတို့ရဲ့ အဆင့်ကို ရောက်ရှိနေပြီလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 

ဒေါ့မွန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ဟာလန်းက နည်းပြ ဂွာဒီယိုလာဟာ သူ့ကို အသင်းရဲ့ ကစားကွက် တည်ဆောက်မှု အပိုင်းတွေမှာ ပိုပြီး ပါဝင်စေချင်နေတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

ဟာလန်းက “ကျနော်ဟာ အသင်းမှာ ဒီထက်ပိုပြီး ပါဝင်ချင်ပါတယ်၊ ဒါက နည်းပြလိုချင်နေတဲ့ အရာပါ။ ကျနော် ဟာ ဖန်တီးမှုတွေလည်း အများကြီးရရှိချင်ပြီး ဒါက ပိုကောင်းတဲ့ ကစားသမားဖြစ်လာမှာပါ။ ဒီပွဲမှာ ကျနော် သွင်းယူခဲ့တဲ့ဂိုးက တကယ်ကို ကောင်းမွန်ခဲ့တယ်လို့ ထင်ကြောင်း”ပြောခဲ့တာပါ။ 

ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၅ နှစ်ဆက်တိုက် ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ မန်စီးတီးအသင်းဟာ ဒုတိယ မြောက် ပွဲစဉ်အဖြစ် အစ်စဝှစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN