CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၂
ဆွစ်ဇာလန်နောက်ခံလူ အကန်ဂျီဟာ သူ့အတွက် မန်စီးတီးအသင်း သတ်မှတ်ထားတဲ့ ပေါင် ၁၅ သန်းကို တူရကီ ကလပ် ဂါလာတာစာရေးအသင်းက ပေးချေမှာဖြစ်တဲ့အတွက် အနာဂတ်ကို စဉ်းစားမှုတွေ ပြုလုပ်နေပါတယ်။
တူရကီချန်ပီယံ ဂါလာတာစာရေးအသင်းဟာ အကန်ဂျီ အပါအဝင် မန်စီးတီးအသင်း ဂိုးသမား အီဒါဆန်နဲ့ ကွင်းလယ်လူ ဂွန်ဒိုဂန်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။
အကန်ဂျီဟာ မန်စီးတီးအသင်း တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့နှစ်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပေမယ့် မန်ချက်စတာကလပ်ဟာ သူ့အတွက် ဂါလာတာစာရေးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ အဆင်သင့် ဖြစ်နေပါတယ်။
အဲဒါကြောင့် အကန်ဂျီဟာ စက်တင်ဘာ ၁ ရက် မတိုင်မီ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့ ရှိနေတာပါ။
မန်စီးတီးအသင်းရဲ့ လူစာရင်းထဲမှာ နောက်ခံလူ ၉ ဦးအထိ ရှိနေတာကြောင့် နည်းပြဂွာဒီယိုလာဟာ ဒီထဲက အချို့ကို ရောင်းချဖို့ အသင်းကို ပြောထားတာ ဖြစ်ပါတယ်။
အကန်ဂျီကို တွေ့ရစဉ်
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ အသင်းလူစာရင်းကို ကျစ်ကျစ်လစ်လစ် ဖြစ်ချင်နေတာကြောင့် လက်ရှိ အသင်း လူစာရင်းကို မပျော်ရွှင်ဘူးလို့ ပြောထားတာပါ။
အကန်ဂျီနဲ့ ဂွန်ဒိုဂန်တို့ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဝုလ်ဗ်စ်အသင်းနဲ့ပွဲစဉ်မှာ မန်စီးတီးအသင်း လူစာရင်းထဲ ပါဝင်ခဲ့ပေမယ့် အရန်ခုံမှာသာ ထိုင်ခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကွင်းလယ်ကြယ်ပွင့် အီချီဗာရီကို လေဗာကူဆင်အသင်းထံ ရာသီကုန် အထိ အငှားချခဲ့ပါတယ်။
ဒါအပြင် မန်စီးတီးအသင်းဟာ ဂရီလစ်ရှ်နဲ့ ဗစ်တာရိစ်တို့ကိုလည်း အငှားချခဲ့ပြီး ကွင်းလယ်လူ မက်ကတီးကို နော်တင်ဟမ်ဖောရက်စ်အသင်းထံ အပြီးသတ် ရောင်းချခဲ့တာပါ။
မန်စီးတီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ မပိတ်မီမှာ အသင်းမှာရှိနေတဲ့ ကစားသမားအချို့ကို အငှားချ ဒါမှမဟုတ် အပြီးသတ် ရောင်းချတာတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါးအသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail