CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက တိုက်စစ်မှူး ဟာလန်းဟာ အသင်းတစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ နှစ်ကထက် ပိုပြီးကောင်းတယ်လို့ ယူနိုက်တက်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဟာလန်းဟာ စတင်တဲ့ အချိန်ကတည်းက မယုံနိုင်လောက်အောင် ကောင်းတဲ့သူဖြစ်ပေမယ့် သူဟာ ဒီရာသီမှာတော့ အရင်ကထက် ပိုပြီးကောင်းလာခဲ့ပါတယ်။ ဆုဖလား ၃ လုံး ရယူခဲ့တဲ့နှစ်ကထက် ပိုပြီး ကောင်းတယ်လို့ ကျနော် ပြောချင်ပါတယ်။ သူဟာဂိုးတွေ အများကြီးသွင်းပြီး ကျနော်တို့ကို ကူညီစေချင်ပါတယ်။ ဟာလန်းဟာ သူဒီကိုရောက်လာကတည်းက ဘယ်တော့မှ စိတ်မပျက်ခဲ့ပါဘူး။ သူဟာ နှစ်ပေါင်းများစွာ စာချုပ် ချုပ်ခဲ့သလို အထူးကစားသမားပါ”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နော်ဝေအသင်းအတွက် တစ်ပွဲတည်း ၅ ဂိုးသွင်းခဲ့တဲ့ ဟာလန်းဟာ ယူနိုက်တက် အသင်းနဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပါတယ်။
ဟာလန်းကို တွေ့ရစဉ်
အသက် ၂၅ နှစ်အရွယ်ရှိ ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် ၄ ပွဲ ကစားအပြီးမှာ ၅ ဂိုးသွင်းယူကာ အကောင်းဆုံးပုံစံတွေကို ပြသနေတာပါ။
ဒါအပြင် ဟာလန်းဟာ မန်စီးတီးအသင်း ကစားသမားဘဝ ပရီးမီးယားလိဂ် အိမ်ကွင်းသွင်းဂိုး ၅၀ လည်း ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။
မန်စီးတီးအသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ ၂၀၂၂-၂၃ ရာသီတည်းကနေ လက်ရှိအချိန်ထိ ဟာလန်းဟာ အသင်း အတွက် ပွဲပေါင်း ၁၅၀ ကစားထားပြီး ၁၂၉ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်၊ FA ဖလားနဲ့ ဥရောပစူပါဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ ဖြစ်ခဲ့သလို ဒီရာသီပရီးမီးယားလိဂ် ၄ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံးနိမ့်ထားပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် နာပိုလီအသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC