CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပေမယ့် နည်းပြဂွာဒီယိုလာက သူအသင်းမှာ ဆက်ရှိနေမယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော် မန်စီးတီးမှာ ဆက်ပြီးရှိနေမယ်ဆိုတာ သေချာပါတယ်။ ကျနော်တို့ဟာ ရာသီရဲ့ အကောင်းဆုံး အခိုက်အတန့်မှာ အလွန်အားကောင်းတဲ့ ပြိုင်ဘက်နဲ့တွေ့ဆုံခဲ့ပြီး ပြိုင်ဘက်က သာလွန် ကောင်းမွန် နေတဲ့အတွက် သူတို့ကို ချီးကျူးဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ် ဒါမှမဟုတ် ၁၂ နှစ် တုန်းကဆိုရင် ကျနော်တို့ဟာ ပုံထဲမှာတောင် မရှိပါဘူး”လို့ Movistar ကို ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီး ချန်ပီယံလိဂ် ပလေးအော့ဖ် အဆင့်မှာ ရီးရယ်လ်အသင်း ကို နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး-၃ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲအပြီးမှာ ဂွာဒီယိုလာက မန်စီးတီးအသင်းကနေ သူထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့တာပါ။
ဂွာဒီယိုလာကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် FA ဖလားသာ ရှိတော့တာကြောင့် ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားလက်မဲ့ ရာသီကို ဖြတ်သန်းရဖို့ရှိနေတာ ဖြစ်ပါတယ်။
စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားပြီး အသင်းကို ရလဒ်ကောင်းတွေ ပြန်လည်ရယူပေးနိုင်ဖို့ မျှော်လင့်နေတာပါ။
မန်စီးတီးအသင်းဟာ လာမယ့်ရာသီမှာ အောင်မြင်မှုတွေ ပြန်လည်ရယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ အားဖြည့်ခဲ့သလို လာမယ့် နွေရာသီမှာလည်း ကစားသမားသစ်တွေခေါ် ယူသွားဖို့ ရှိနေပါတယ်။
မန်ချက်စတာကလပ်ဟာ ကစားသမားသစ်တွေ အားဖြည့်မှာဖြစ်သလို အသင်းမှာရှိနေတဲ့ ဝါရင့်ကစားသမား အများအပြားကိုလည်း ထွက်ခွာခွင့်ပေးဖို့ စီစဉ်ထားတာပါ။
မန်စီးတီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ နောက်ထပ် ပွဲကြပ်တစ်ပွဲကို ထပ်ပြီးရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal