CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့ရဲ့ ဝေဖန်မှုကိုခံခဲ့ရတဲ့ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်က သူဟာ လီဗာပူးလ်အသင်း မှာရှိနေတဲ့ နောက်ဆုံးနေ့အထိ အားလုံးကို ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
ဒါဝင်နူနက်ဇ်က “လွန်ခဲ့တဲ့ ၃ ပတ်က ကျနော်ဟာ အကောင်းဆုံး မဟုတ်ခဲ့သလို အခုလည်း အဆိုးဆုံးတော့ မဟုတ်ပါဘူး။ ကျနော်ဟာ လဲကျရင်ပြန်ပြီးထပါတယ်။ ကျနော်ဟာ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျနော်ဟာ လီဗာပူးလ်အသင်းမှာရှိနေတဲ့ နောက်ဆုံးနေ့အထိ အားလုံးကို ပေးသွားမှာပါ”လို့ ဆိုရှယ်မီဒီယာ X မှာ ရေးသား ခဲ့တာပါ။
ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အက်စတွန်ဗီလာနဲ့ လီဗာပူးလ်အသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သေချာပေါက် ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကောင်းကို လွဲချော်ခဲ့တာကြောင့် ဝေဖန်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။
ဒါဝင်နူနက်ဇ်ဟာ ပြီးခဲ့တဲ့ ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် အဖိုးတန် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် သူဟာ ခြေစွမ်းပိုင်း တည်ငြိမ်မှုမရှိသလို ဂိုးရနိုင်မယ့် အခွင့်အရေး အများအပြား ကိုလည်း လွဲချော်ခဲ့တာပါ။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က အခွင့်အရေး လွဲချော်မှုတွေကို လက်ခံလို့ရပေမယ့် အခွင့်အရေး ရပြီးနောက် သူ့ရဲ့အပြုအမူက လက်ခံဖို့ခက်ခဲခဲ့ပြီး သူအလွန် စိတ်ပျက်နေတယ်လို့ အက်စတွန်ဗီလာအသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဒါဝင်နူနက်ဇ်ကို တွေ့ရစဉ်
လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာက အက်စတွန်ဗီလာအသင်းနဲ့ပွဲစဉ်က ဒါဝင်နူနက်ဇ် ရဲ့လွဲချော်မှုက ဒီနှစ်အတွင်း သူမြင်တွေ့ဖူးသမျှထဲမှာ အဆိုးရွားဆုံးတွေထဲက တစ်ခုလို့ ပြောခဲ့တာပါ။
ဒါဝင်နူနက်ဇ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ခံခဲ့ရပေမယ့် လီဗာပူးလ် အသင်းက ဒီအပြောင်းအရွှေ့ကို ပယ်ချခဲ့ပါတယ်။
၂၀၂၂ ခုနှစ်က ဘင်ဖီကာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ်အသင်းအတွက် ၁၃၁ ပွဲ ပါဝင်ကစားထားပြီး ၃၉ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။
Source: Dailymail