CNI Sport News 

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က သူဟာ ကစားသမားဘဝကနေ အနားမယူမီ ဒတ်ချ်လိဂ်ထံ ပြန်မှာ မဟုတ်ဘူးလို့ Voetbal International နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဗန်ဒိုက်က “ဒါနဲ့ပတ်သက်ပြီး ကျနော် အလွန်ရှင်းပါတယ်၊ ကျနော် နယ်သာလန်ကို မပြန်ပါဘူး။ ကျနော်ဟာ နယ်သာလန်မှာ စတင်ခဲ့ပြီး ကျနော့်အတွက် အလွန်အရေးပါခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ဟာ ဒတ်ချ်လိဂ်ထံ မပြန်ချင်ဘူးဆိုတာ ရှင်းပါတယ်။ ကျနော့်ရဲ့ ကစားသမားဘဝအတွက် ဂုဏ်ယူပြီး ဒတ်ချ်လိဂ်မှာ အဆုံးသတ်ဖို့က ရွေးချယ်စရာ မဟုတ်ဘူးလို့ထင်ကြောင်း”ပြောခဲ့တာပါ။

အသက် ၃၃ နှစ်အရွယ်ရှိ ဗန်ဒိုက်ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဒတ်ချ်ကလပ် ဂရိုနင်ဂျန် အသင်းမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒတ်ချ်နောက်ခံလူ ဗန်ဒိုက်ဟာ ဂရိုနင်ဂျန်အသင်းမှာ ၃ ရာသီကြာ ကစားပြီးနောက် ဆဲလ်တစ်၊ ဆောက်သမ်တန်နဲ့ လက်ရှိ လီဗာပူးလ်အသင်းတွေမှာ ကစားနေတာပါ။ 

ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ ရှိမယ့် ၂ နှစ် စာချုပ်သစ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။

ဗန်ဒိုက်ကို တွေ့ရစဉ်

ဗန်ဒိုက်ဟာ ဒတ်ချ်လိဂ်ထံ ပြန်ဖို့ထက် အမြင့်ဆုံးအဆင့်မှာ ဆက်ပြီးကစားနိုင်ဖို့ကို အာရုံစိုက်နေတာပါ။

ဒါပေမယ့် ဗန်ဒိုက်အနေနဲ့ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ရင်တော့ သူ့ရဲ့အနာဂတ်ကို စဉ်းစားမှုတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး သူဟာ အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃၇ ပွဲကစားခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဗန်ဒိုက်ဟာ နယ်သာလန်အသင်းအတွက် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ပွဲစဉ် ပါဝင်ကစားပြီးရင် ရာသီသစ်အတွက် မပြင်ဆင်မီ အားလပ်ရက် အပန်းဖြေအနားယူမှု ပြုလုပ်သွားမှာဖြစ်ပါတယ်။

Source: Goal