CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

နယ်သာလန် တိုက်စစ်မှူးဟောင်း ဗန်ပါစီဟာ ပါစကယ်လ်ရဲ့ နေရာကို အစားထိုး ဝင်ရောက်ပြီး ဒတ်ချ်ကလပ် ဖီယင်နုအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံရတယ်လို့ The Athletic က ဖော်ပြထားပါတယ်။ 

ပါစကယ်လ်ဟာ ဖီယင်နုအသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ဘရီယန်ပရီစကီရဲ့နေရာမှာ ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတာဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်အထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားတာပါ။

လက်ရှိအချိန်မှာ ဒတ်ချ်ကလပ် ဟီရန်ဗင်းအသင်းကို ကိုင်တွယ်နေတဲ့ ဗန်ပါစီဟာ ဖီယင်နုအသင်းနဲ့ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ ၂ နှစ် စာချုပ်ချုပ်မယ်လို့ The Athletic ရဲ့ဖော်ပြချက်ထဲမှာ ပါရှိပါတယ်။ 

ဖီယင်နုအသင်းဟာ ဗန်ပါစီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဟီရန်ဗင်းအသင်းနဲ့လည်း သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။ 

ဗန်ပါစီကို တွေ့ရစဉ်

ဗန်ပါစီဟာ ဖီယင်နုအသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ဖီယင်နုအသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာပါ။ 

အသက် ၄၁ နှစ်အရွယ်ရှိ ဗန်ပါစီဟာ ဖီယင်နုလူငယ်အသင်းကို လေ့ကျင့်မှုတွေ ပြုလုပ်ပေးခဲ့သလို နည်းပြအဖွဲ့ဝင် ထဲမှာလည်း အစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့ဖူးပါတယ်။

ဗန်ပါစီဟာ သူ့ရဲ့ပထမဆုံးနည်းပြ အလုပ်အကိုင်အဖြစ် ၂၀၂၄ ခုနှစ်၊ မေလက ဟီရန်ဗင်းအသင်းကို ၂ နှစ်စာချုပ်နဲ့ စတင်ကိုင်တွယ်ခဲ့တာပါ။ 

ဗန်ပါစီဟာ ဟီရန်ဗင်းအသင်း နည်းပြဘဝ အစပိုင်းမှာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။ 

လက်ရှိအချိန်ထိ ဗန်ပါစီဟာ ဟီရန်ဗင်းအသင်းကို ၂၆ ပွဲ ကိုင်တွယ်ထားပြီး ၉ ပွဲနိုင်၊ ၆ ပွဲသရေနဲ့ ၁၁ ပွဲရှုံး ရလဒ် ထွက်ပေါ်ထားတာပါ။

ဟီရန်ဗင်းအသင်းဟာ ဒီရာသီ ဒတ်ချ်လိဂ်ပြိုင်ပွဲမှာ ၂၃ ပွဲ ကစားအပြီး ရမှတ် ၂၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source: besoccer