CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၈

ဒတ်ချ်ကလပ် ဖီယင်နုအသင်းဟာ အသင်းကို ကိုင်တွယ်တာ ၁၆ လကြာသာရှိသေးတဲ့ ရော်ဘင်ဗန်ပါစီကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ 

ဗန်ပါစီဟာ ဖီယင်နုအသင်းကို ရာသီအပြည့်အဝကိုင်တွယ်ခဲ့ရတဲ့ ပြီးခဲ့တဲ့ရာသီမှာ ဒတ်ချ်လိဂ်အမှတ်ပေး ဇယားအဆင့် ၂ နေရာရပ်တည်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ဦးဆောင်ပေးနိုင်ခဲ့တာပါ။ 

ဒါပေမယ့် ဖီယင်နုအသင်းဟာ ချန်ပီယံဖြစ်ခဲ့တဲ့ PSV အသင်းနဲ့ ၁၉ မှတ်ကွာဟခဲ့တာ ဖြစ်ပါတယ်။ 

ဗန်ပါစီဟာ ဒေဗီရီဂေါ့စ်ကို နည်းစနစ်ဒါရိုက်တာနဲ့ ရောဘတ်အန်းဟောကို အထွေထွေမန်နေဂျာအဖြစ် ဖီယင်နုအသင်းက ခန့်အပ်ပြီးနောက် ၂ ပတ်အကြာမှာ ထွက်ခွာခဲ့တာပါ။ 

ရော်ဘင်ဗန်ပါစီကို တွေ့ရစဉ်

ဒေဗီရီဂေါ့စ်က ဗန်ပါစီဟာ ၁ နှစ်ခွဲအတွင်းမှာ ကလပ်အသင်းအတွက် အရာအားလုံးပေးခဲ့ပြီး ခက်ခဲတဲ့ ရာသီတစ်ခုကို အဆင့် ၂ နေရာနဲ့အဆုံးသတ်နိုင်ခဲ့တဲ့အတွက် သူ့ကို အသိအမှတ်ပြုရမယ်လို့ ပြောခဲ့ပါတယ်။ 

ဒါပေမယ့် အသင်းအတွင်းပိုင်းမှာ သေချာသုံးသပ်မှုတွေပြုလုပ်ပြီးနောက် နည်းပြချုပ်အသစ်နဲ့ ရာသီစတင်တာက ပိုကောင်းကြောင်း ရီဂေါ့စ်က ပြောခဲ့တာပါ။ 

ဗန်ပါစီဟာ ဖီယင်နုအသင်းမှာ ကစားသမားဘဝစတင်ခဲ့သလို ဒီအသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ 

ရော်ဘင်ဗန်ပါစီကို တွေ့ရစဉ်

ဗန်ပါစီဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် လူငယ်အသင်းတွေမှာ နည်းပြအဖြစ်တာဝန်ယူခဲ့ပြီး သူ့ရဲ့ပထမဆုံးနည်းပြချုပ်ရာထူးအဖြစ် ၂၀၂၄ ခုနှစ်၊ မေလမှာ ဟီရန်ဗင်းအသင်းကို ကိုင်တွယ်ခဲ့တာပါ။ 

ဒါပေမယ့် ဗန်ပါစီဟာ ၉ လအကြာမှာ ဖီယင်နုအသင်းကို နည်းပြချုပ်အဖြစ် ပြန်ပြီးရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။