CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတနှင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ဝန်ကြီးများ၊ ရွေးကောက်ပွဲကာလက ပါတီများ၏ မူဝါဒများတွင် ပါရှိသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားအရ စီးပွားရေး ဖွံ့ဖြိုးတက်စေရန် မည်သည့်ကဏ္ဍများအား ဆောင်ရွက်မည်ကို လုပ်ငန်းရှင်များနှင့် ပြည်သူများကြားတွင် မေးခွန်းထုတ်မှုများ ရှိနေသည်။
လက်ရှိတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်မှုများ ရှိသော်လည်း ပြည်တွင်း၏ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ နယ်မြေတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် လုပ်ငန်းစတင်ရန် အခက်အခဲ ရှိနေသည်ဟု လုပ်ငန်းရှင်များက ထောက်ပြကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းထုတ်ကုန် တိုးတက်စေရန်အတွက် အသေးစားနှင့် အလတ်စားလုပ်ငန်း MSME လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေမှုများ ရှိသော်လည်း ပို့ကုန်၊ သွင်းကုန်နှင့် တခြားသော လုပ်ငန်းဆောင်တာများတွင် ဗဟိုချုပ်ကိုင်မှု စနစ် ရှိနေခြင်းကြောင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အဟန့်အတား ဖြစ်နေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့အတွက်ကတော့ ဖိတ်ခေါ်သော်ငြားလည်းပဲ လုပ်ငန်းစတင်ဖို့ ခက်ခဲအုံးမယ်။ အချိန်တွေ ယူရအုံးမယ်။ ပြည်တွင်းမှာ ဘာတွေလုပ်နိုင်လဲ အခုတော့ MSME တွေလည်း try ဖို့ လုပ်နေတာ တွေ့ပါတယ်။ ဒါပေမယ့် MSME ကဏ္ဍတွေကလည်း တိုးတက်လာဖို့ ဆောင်ရွက်ရမယ့် ကဏ္ဍတွေ အများကြီး ရှိပါတယ်။ ပြောစရာတွေ အများကြီးရှိပါတယ်။ နောက်တစ်ချက်က ကျနော်တို့ထုတ်ကုန်က နိုင်ငံတကာကို ဝင်ဆံ့နိုင်တဲ့ အနေအထား ရောက်မှရမှာလေ။ ဒါမှ ကျနော်တို့က ပြည်ပပို့ကုန် ရပြီးတော့မှ ဝင်ငွေနဲ့ ရပ်တည်ရမှာလေ။ ခက်တာက ကျနော်တို့ဆီက ဗဟိုချုပ်ကိုင်မှုစနစ်က ပြန်ပြီးတော့မှ အားကောင်းလာပြီးတော့မှ လုပ်ရကိုင်ရတာ အားလုံးက ဗဟိုချုပ်ကိုင်မှုစနစ်အောက်ကို ရောက်တယ်၊ ကုန်သွယ်မှုစနစ်ကရော၊ ငွေကြေး စီးဆင်းမှုရော ဗဟိုချုပ်ကိုင်မှုစနစ်ထဲမှာ ရှိတဲ့အခါကြတော့ လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် မပေးနိုင်သမျှ ကာလပတ်လုံးကတော့ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကတော့ နောက်ကျနေအုံးမှာပဲ” ဟု ပြောသည်။

ကုန်စိမ်းရောင်းချသည့်စျေးသည်များ
စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေးကဏ္ဍ၊ ပို့ကုန်သွင်းကုန်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စသည့် ကဏ္ဍပေါင်းစုံရှိသော်လည်း ယင်းကဏ္ဍများအတွက် စီးပွားရေးပတ်ဝန်းကျင် ကောင်းမွန်ရန် လိုအပ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများကထောက်ပြကြသည်။
ထို့နောက် စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများအတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးသော်လည်း ဈေးကွက်မရှိခြင်းကြောင့် တောင်သူများမှ အခက်အခဲ ရှိနေသည်ကို တွေ့ရသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူများ အကျိုးအမြတ် ရရှိဖို့ စိုက်ပျိုးမှု တိုးမြင့်လာစေရန်အတွက် အစိုးရအချင်းချင်း ချုပ်ဆိုသည့် ကုန်သွယ်မှုစာချုပ်များကို ဆောင်ရွက်ရန်လည်း လိုအပ်ပြီး ကုန်သည်များ ဈေးနှိမ်ဝယ်ယူမှု မဖြစ်စေရန် ကြမ်းခင်းဈေးကိုလည်း စနစ်တကျ သတ်မှတ်ပေးရန် လိုအပ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခြေခံ ကြမ်းခင်းဈေးတွေ အစိုးရက စနစ်တကျ တည်ဆောက်ပေးဖို့ လိုအပ်တယ်။ နောက်တစ်ခါ ဈေးကွက်သစ်ကို ရှာပေးဖို့ လိုအပ်တယ်။ ကုန်သည်ချည်းပဲ အားမကိုးဘဲနဲ့ g to g ပေါ့ government to government အစိုးရချင်း ချိတ်ဆက်ပြီးတော့ ဂျပန်နဲ့ ချုပ်မယ် စသည်ဖြင့် အဲဒီလိုပေါ့။ ဆန်ဆိုရင် ဒီလိုပဲ ဥပမာ နယ်သာလန်နဲ့ ချုပ်မယ်၊ ပိုလန်နဲ့ချုပ်မယ် အဲဒီလိုမျိုး ပြောမယ်ဆိုရင် ဈေးကွက်တွေ ရအောင်လို့ အစိုးရကိုယ်တိုင်ကလည်း ကူညီပေးဖို့ လိုအပ်တယ်” ဟု ပြောသည်။
နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ခေတ်တွင် စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ် လာရေး၊ ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ နိုင်ငံတော် စီးပွားရေးတ စ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး ဆိုသည့် စီးပွားရေး ဦးတည်ချက် ၄ ရပ်ကို ချမှတ်ထားခဲ့သည်။

အခြေခံ လက်လုပ်လက်စားများအားတွေ့ရစဉ်
သို့သော်လည်း ယင်း စီးပွားရေးဦးတည်ချက် ၄ ရပ်နှင့် ပတ်သက်ပြီး မူဝါဒ အသေးစိတ်များ နောက်ဆက်တွဲတွင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်ဆိုသည့်အတိုင်း ပီပီပြင်ပြင် သွားရန် လိုအပ်သည်ဟု စီးပွားရေးနှင့် ဘဏ်ရေးရာလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နဝတခေတ်ဆိုလည်း စီးပွားရေးဦးတည်ချက် ၄ ရပ် ရှိတာပေါ့။ ဒါ ကျနော် ရိုးရိုးသားသား ပြောပြတာပေါ့။ စီးပွားရေး ဦးတည်ချက် ၄ ရပ်က ကောင်းတယ်ဗျ၊ မှန်တယ်။ ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ အဲဒီ စီးပွားရေးဦးတည်ချက် ၄ ရပ်ကို နောက်က လိုက်ပါအကောင်အထည်ဖော်မယ့် plan အသေးစိတ် မပါလာဘူး။ ဥပမာ ဆိုကြပါဆို့ စီးပွားရေးမူဝါဒ တစ်ခုပေါ့ ဥပမာ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေးဆိုတာ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေးကိစ္စက စီးပွားရေးဦးတည်ချက် မှန်တယ်ဆိုလို့ရှိရင် ခရိုနီဆိုတာ လူတန်းစားက ပေါ်လို့မရဘူးလေ။ ဈေးကွက်ဆို ဈေးကွက်အတိုင်း သွားမှာပေါ့။ တစ်ခုတော့ ရှိတာပေါ့ စီးပွားရေးပညာကို နှိုက်နှိုက်ချွတ်ချွတ် သိဖို့လိုတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများတွင် ဗဟိုဘဏ်မှာ ငွေကြေးနှင့် ပတ်သက်သည့် ကန့်သတ်ချက်များကိုလည်း ထုတ်ပြန်ထားခြင်းကြောင့် လုပ်ငန်းရှင်များတွင် အခက်အခဲ ဖြစ်ပေါ်နေကြောင်း၊ ထိုမှတစ်ဆင့် စားသုံးသူ ပြည်သူများထံ အကျပ်အတည်းများ ဖြစ်ပေါ်စေသည်ကို တွေ့ရသည်။
ထို့ကြောင့် အစိုးအနေဖြင့် စီးပွားရေးနှင့် ပတ်သက်သည့် အမိန့်ကြော်ငြာစာများ၊ မူဝါဒများကို ချမှတ်ရာတွင် စနစ်တကျ လေ့လာရန် လိုအပ်ပြီး ပြုပြင်ပြောင်းလဲရန်လည်း လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
