CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ရာသီကြိုခြေစမ်းပွဲတွေမှာ တိုက်စစ်မှူး ဟာလန်းကို စောစောစီးစီး လူစားလဲခဲ့ရတာက သူအဆင်မပြေသလို ခံစားခဲ့ရတာကြောင့်လို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက "ဟာလန်းက အဆင်မပြေသလို ခံစားနေရပါတယ်။ အဲဒါကြောင့် ကျနော်တို့ဟာ စွန့်စားမှု မပြုလုပ် ချင်ပါဘူး။ ရာသီသစ်ရောက်ဖို့က နီးလာပါပြီ။ သူ့ကိုသာ ဆက်အသုံးပြုရင် ၃ ပတ် ဒါမှမဟုတ် ၁ လလောက် ဆုံးရှုံး ရနိုင်ပါတယ်။ ဒါက ပြဿနာဖြစ်မှာပါ။ သူဟာ ကောင်းမွန်တယ်လို့ မခံစားရလို့ ဒုတိယပိုင်းမှာ မကစားဖြစ်ခဲ့တာ ပါ"လို့ ပြောပါတယ်။

ဟာလန်းဟာ အေစီမီလန်၊ ဘာစီလိုနာအသင်းတို့နဲ့ ခြေစမ်းပွဲတွေရဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါ တယ်။ 

ပရီးမီးယားလိဂ် ရာသီသစ် ပြန်လည်စတင်ဖို့ ၂ ပတ်သာလိုတော့တဲ့ အချိန်မှာ  ဟာလန်းရဲ့ဒဏ်ရာ အခြေအနေဟာ မန်စီးတီးအသင်းအတွက် စိုးရိမ်စရာတွေ ရှိလာခဲ့တာပါ။ 

ဟာလန်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၂ ရာသီမှာ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်ခဲ့ပြီး အသင်းကို ဆုဖလားအောင်မြင်မှုတွေ ရရှိအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းကို တွေ့ရစဉ်

ဟာလန်းသာ ဒဏ်ရာကြောင့် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ် အစပွဲစဉ်တွေကို လွဲချော်ခဲ့ရင် မန်စီးတီးအသင်း အတွက် အခက်တွေ့နိုင်ပေမယ့် ပြိုင်ဘက်အသင်းတွေအတွက် သတင်းကောင်းဖြစ်နိုင်တာပါ။ 

မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အဓိက ကစားသမား အများအပြား မပါဝင်ဘဲ ရာသီကြိုခြေစမ်းပွဲတွေကို ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဆဲလ်တစ်၊ အေစီမီလန်၊ ဘာစီလိုနာအသင်းတို့နဲ့ ရာသီကြိုခြေစမ်းပွဲ ၃ ပွဲကစားထားပြီး ၃ ပွဲ စလုံး နိုင်ပွဲမရရှိသေးတာပါ။ 

မန်စီးတီးအသင်းဟာ ရာသီကြို ခြေစမ်းပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ဩဂုတ် ၄ ရက်မှာ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal